ဂျွန်လဆန်းပိုင်းက ဒုဗိုလ်ချုပ်ကြီးရဲမြင့် သျှမ်းပြည်တလွှား အပစ်ရပ်ခေါင်းဆောင်များ သဘောထားပျော့ပြောင်း လာစေရန် ထပ်မံ ကျောသပ်ဖြောင်းဖြရန် နယ်လှည့်စည်းရုံးစဉ် ပန်ဆန်း ဝ ခေါင်းဆောင်များက အသွင်ပြောင်းဖို့ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာထား၍ အကျယ်တဝင့် ရှင်းပြခဲ့ကြောင်း ဝ ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့်ဆိုစ့်က ဆိုပါ သည်။
“ဗိုလ်ရဲမြင့် နဲ့အဖွဲ့ ပန်ဆန်းမှာ ၂ ည အိပ်တယ်။ ဥက္ကဌကြီး ပေါက်ယူရှဲန်နဲ့ ၆ ရက်နေ့မှာတွေ့တော့ ဥက္ကဌကြီးက - ဆိုင်ရာ တာဝန်ရှိ လူကြီးတွေနဲ့တွေ့ဖို့ ကျနော် အာဏာကုန်လွှဲထားပြီးပြီ၊ ဆွေးနွေးလိုရာ ဆွေးနွေးပါ - လို့ပြောလိုက်တယ်၊ ရ ရက် နေ့မှာ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ဘဲ တနေကုန် အခြေအတင်ပြောဆို ဆွေးနွေးခဲ့တယ်” ဟု အဆိုပါဆိုစ့်က သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
တွေ့ဆုံဆွေးနွေးပွဲတွင် အမည်မဖေါ်လိုသည့် ဝ အရာရှိကြီးတဦးက - နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီး တပ်ရင်း တရင်း အင်အား ၃၂၆ ယောက် ထားဖို့ကိစ္စ လိုက်လျောဖို့ မဖြစ်နိုင်ကြောင်း - ဤကဲ့သို့စပြောပါသည်။
“တချိန်က ခင်ဗျားတို့ယုံကြည်အားထားတဲ့ ခင်ဗျားတို့ရဲ့အကြီးအကဲဖြစ်ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကျနော်တို့ နက်နက်ရှိုင်းရှိုင်း သဘောတူထားတာရှိတယ်၊ အဲဒီကတိတွေကို ခင်ဗျားတို့လွယ်လွယ်နဲ့ဖျက်လိုက်တဲ့သဘောလား။ တကယ်တမ်းကျနော်တို့က ခင်ဗျားတို့ဆန္ဒအတိုင်းလိုက်လျောရင် - ကျနော်တို့တမျိုးသားလုံးရဲ့အနာဂတ် ကံကြမ္မာ ဘယ်လောက်ယုံကြည်စိတ်ချရမလဲ” ဟု ပြန်လည်ဆွေးနွေးသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ခိုင်းနှိုင်း၍လည်း ဤကဲ့သို့ ဆက်ပြောသည်ဟုဆို၏။
“တကမ္ဘာလုံးက အသိအမှတ်ြုပလေးစားခံရတဲ့ ဗမာပြည်ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးတောင်မှ ခင်ဗျားတို့ အဲလောက်အထိ လုပ်ရက်နိုင်သေးတယ်။ ကျနော်တို့က ခင်ဗျားတို့နဲ့ သွေးမတော်သားမစပ် လူမျိုး/ဘာသာ စကားလဲမတူဘူး၊ ကျနော်တို့အလားအလာက သူမထက်ပိုဆိုးသွားနိုင်တယ်။ အကယ်လို့ ကျနော်တို့ ခေါင်းညိတ် လိုက်မယ်ဆိုရင် နောင်တချိန် အစွယ်ကျိုးအဆိပ်မဲ့ဖြစ်သွားတဲ့ ကျုပ်တို့ကို ခင်ဗျားတို့ ဖမ်းမယ်ဆီးမယ် လုပ်လာရင် အကျဉ်းထောင်မပြောနဲ့ ကြက်တွေဝက်တွေလိုလှောင်တဲ့ ခြင်း/တောင်းတောင် လောက်မှာမဟုတ်ဘူး။ အဲဒါတွေကို သတိချပ်မိလို့ ခင်ဗျားတို့ဆန္ဒကို မလိုက်လျောနိုင်တာဖြစ်တယ်” ဟုပြောကြောင်း အဆိုပါဆိုစ့်က ပြောပါသည်။
တောင်ပိုင်းအခြေစိုက် ဝ ထိန်းချုပ်နယ်မြေမှ ရုပ်ခိုင်းရေးသည်လည်းမဖြစ်နိုင်ကြောင်း ထိုစခန်းများအတွက် ဝ တပ်မတော် သားများထောင်ချီ အသက်ပေးပြီး ခွန်ဆာ MTA တပ်ဖွဲ့ထံမှ တိုက်ယူရကြောင်း၊ “ခင်ဗျားတို့အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်အေးကိုမေးကြည့်ပါ၊ သူအသိဆုံး။ တိုက်ပွဲကြောင့် မိုင်းဖြတ်ဆေးရုံမှာ ကျနော်တို့တပ်သား တွေတင်ထားတုန်းက သူကိုယ်တိုင်လာပြီး အားပေးစကားပြောခဲ့တယ် ပုဝါတွေပေးကမ်းတယ် ၊ မူးယစ်ရာဇာ ခွန်ဆာလက်ထဲက တိုက်ယူနိုင်ရင် စိတ်တိုင်းကျနေပါ - လို့တောင် ပြောသွားသေးတယ်၊ အဲဒီကတိသစ္စာစကားတွေ ဘယ်ရောက်သွားကုန်ပြီလဲ” ဟု အဆိုပါ ဝ အကြီးအကဲက ဗိုလ်ရဲမြင့်တို့အဖွဲ့အား ထပ်ဆင့်ထောက်ပြခဲ့ကြောင်း ဆိုပါသည်။
စစ်အစိုးရဖိအားပေးမှုကြောင့် ခွန်ဆာတပ်အားတိုက်ခိုက်စဉ် ဝ တပ်သားထောင်ချီသေကျေဒဏ်ရာရခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂ဝဝ၂/၂ဝဝ၅ တုံးကလည်း SSA-S စဝ်ယွက်စစ်အဖွဲ့အား သွားတိုက်ရန် ဖိအားထပ်ပေးလာသဖြင့် သွားတိုက်ခဲ့ရကြောင်း၊ “ခင်ဗျားတို့ သွန်လိုသွန်မှောက်လိုမှောက် အကုန်လိုက်လုပ်ရမယ်ဆိုတာတော့ မဟုတ်တော့ ဘူးထင်တယ်” ဟုပြောကြား ကြောင်း ဆိုပါသည်။
အဆိုပါ ဝ ခေါင်းဆောင်ပြောကြားချက်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ရဲမြင့်က - “ ကျနော့အနေနဲ့ ဘာတခုမှ ဆုံးဖြတ်ချက် ချလို့မရပါဘူး။ ကျနော်တို့ရဲ့နိုင်ငံတော်အကြီးအကဲ ညွန်ကြားချက်အရ လာရောက်ပြောကြားရတာဖြစ်တယ်” - ဟုသာ ပြန်လည်ပြောကြားသွားကြောင်း ဆို၏။
ဂျွန်လ ၃ ရက်မှ ၉ ရက်နေ့ အထိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် မြောက်ပိုင်း SSA-N တပ်ဖွဲ့ ခေါင်းဆောင်၊ ကိုးကန့် ဒုဥက္ကဌ၊ ဝ ခေါင်းဆောင်ပိုင်းများ၊ မိုင်းလား ဥက္ကဌ ဦးစိုင်းလင်းတို့နှင့် တကူးတကသွားရောက် ဖြောင်းဖျခဲ့သော်လည်းလက်ချည်း ဗလာ ပြန်လှည့်ခဲ့ရကြောင်း သျှမ်းပြည်အရေးလေ့လာသူများက သုံးသပ်ကြပါသည်။