လက်ပံတောင်းတောင်အရေး တာဝန်မယူသည့် စစ်ကိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှားရန် တစ်ကိုယ်တော် ဆန္ဒပြ

လက်ပံတောင်းတောင်အရေး တာဝန်မယူသည့် စစ်ကိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှားရန် တစ်ကိုယ်တော် ဆန္ဒပြ
by -
မဇ္စျိမ

လက်ပံတောင်းတောင် အရေးအား တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးအား ရာထူးမှဖယ်ရှားပေးရန် စစ်ကိုင်းမြို့ခံ ဦးသန်းထိုက်မှ ဇန်နဝါရီ ၈ ရက်တွင် တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။

"တာဝန်ယူမှု မရှိတဲ့ ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်ပေးဖို့ ဆန္ဒပြတယ်။ ကျွန်တော်တို့ ပြည်သူတွေကို မျက်နှာလွဲခဲပစ်လုပ်တယ်။ အခုချိန်ထိ ဖြေရှင်းပေးတာ မရှိဘူး။ လူသေပြီး ဒဏ်ရာတွေရနေတာကို ဘာတစ်ခုမှ လုပ်မပေးသေးဘူး။ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ သူ့မှာ တာဝန်ရှိတယ်။ တာဝန်ယူမှုတာဝန်ခံမှု ဘာမှမရှိဘူး။ ဒီနေ့ကျွန်တော်ဆန္ဒပြတာ ပုဂ္ဂိုလ်ရေးအရ ပြနေတာ မဟုတ်ဘူး" ဟု ၎င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ရန်အတွက် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၈ နှင့် ဒီဇင်ဘာ ၃၀ ရက်တို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ စာတင်ခဲ့ရာ ဇန်နဝါရီ ၃ ရက်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခွင့်ပြုရာတွင် ဆန္ဒထုတ်ဖော်မည့် လမ်းကြောင်း ခွင့်ပြုခြင်းများ မပါရှိသဖြင့်  ဇန်နဝါရီ ၃ ရက်တွင် လမ်းကြောင်း ထပ်မံ တင်ပြခဲ့ရာ ခွင့်မပြုခဲ့သော်လည်း တင်ထားသည့် လမ်းကြောင်းများအတိုင်း ဇန်နဝါရီလ ၈ ရက်တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သက်ဆိုင်ရာမှ ခွင့်မပြုထားသော လမ်းကြောင်းများတွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် အရေးယူလာပါကလည်း ရင်ဆိုင်သွားမည်ဟု တစ်ကိုယ်တော်ဆန္ဒပြသူ ဦးသန်းထိုက်က ဆိုသည်။

တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် စစ်ကိုင်းမြို့ တကောင်း ရပ်ကွက် ဘဝအလင်း ဆေးပေး ခန်းရှေ့မှ စတင်ထွက်ခွာခဲ့ပြီး မြို့မစျေးရှေ့ တွင် ဟောပြောမှုများ ပြုလုပ်ကာ စျေးတောင်ဘက်လမ်းမှ သုဓမ္မာလမ်းအထိ လည်းကောင်း၊ထိုမှတဆင့် ရုံးကြီးလမ်းမှ မြို့ပတ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

"ကျွန်တော်တောင်းဆိုတာက သေနတ်နဲ့ပစ်တဲ့ သူတွေ အပါအဝင် ဝန်ကြီးချုပ်ကိုပါ အရေးယူပေးဖို့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အဓိက တာဝန်ရှိတာသူပဲ။ သူ့ကို အရေးယူပေးဖို့ကတော့ ဆက်ပြီးတောင်းဆိုမှုတွေ လုပ်မယ်"ဟုလည်း ဦးသန်းထိုက်က ပြောသည်။

လက်ပံတောင်အရေးတွင် ဦးခေါင်းကို သေနတ်ထိမှန်ကာ သေဆုံးခဲ့ရသော ဒေါ်ခင်ခင်ဝင်း သည် မြန်မာနိုင်ငံအစိုးရ၏ မျက်နှာဖုံးကို စွဲခွာပြလိုက်ခြင်းဖြစ်ပြီး အစိုးရ၏လုပ်ရပ်များကို မီးမောင်းထိုးပြခြင်းဖြစ်သည်လည်းဟု ၎င်းက ဆိုသည်။

အဆိုပါ တစ်ကိုယ်တော်ဆန္ဒပြမှုအား အရေးယူမှုရှိမရှိကို စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ သို့ဆက်သွယ် မေးမြန်းရာ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက လောလောဆယ်တွင် အရေးယူမှု မရှိသေးကြောင်း မဇ္စျိမသို့ ပြန်လည်ဖြေဆိုခဲ့ပြီး  အသေးစိတ်ဖြေဆိုရန် ငြင်းဆိုခဲ့သည်။