လက်ပံတောင်းတောင်အရေး ဆွေးနွေးရန် သုံးပွင့်ဆိုင် ညွန့်ပေါင်း အစည်းအဝေးလုပ်မည်

လက်ပံတောင်းတောင်အရေး ဆွေးနွေးရန် သုံးပွင့်ဆိုင် ညွန့်ပေါင်း အစည်းအဝေးလုပ်မည်
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက် အဖွဲ့အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဆောင်ရွက်နေသည့် ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီတို့ပါ၀င်သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်း အစည်းအဝေးကို ဇန်နဝါရီ လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းထွက်၊ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနှင့် ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့ MEITI ရုံးက ဖုန်းဖြင့် အကြောင်းပြန်ထားသည်ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် ညွှန့်ပေါင်း အစည်းအဝေးပြုလုပ်ရန် အရပ်ဘက်အဖွဲ့ အစည်းများက ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် မြန်မာပြည် MEITI ရုံးသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က စာတင်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေး ဒု-၀န် ကြီး ဒေါက်တာမောင်မောင်သိမ်း၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကော်မတီအဖွဲ့ဝင်များ၊ ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပါ၀င်တက်ရောက်ရန် ဖိတ်ကြားထားသည်။

Lappataung-Adversarial-08

စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး မမိုးမိုးထွန်းက“ကျွန်မတို့ ဖိတ်ကြားထားတဲ့သူတွေ အစိုးရ ဘက်ကလူတွေ ရှိတယ်။ သူတို့တွေမပါရင် ကျွန်မတို့ လည်းမတက်ဘူး။ သူတို့က တက်မယ်လုပ် ဖြစ်တယ် လို့ ဖုန်းဆက်ထားတယ်။ စာနဲ့တော့ တရားဝင် အကြောင်းမကြားသေးဘူး” ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲကို ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ စိမ်းရောင်စို စသည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ကိုးဦး တက်ရောက်မည် ဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးထွန်းမြင့်အောင်က “ဒီလိုပွဲမဖြစ်ဘူးဆိုရင် EITI အဖွဲ့ဝင်ဖြစ်ဖို့ မြန်မာနိုင်ငံအနေနဲ့ ခက်ခဲသွားနိုင်တယ်။ လက်ပံတောင်းတောင်ကိစ္စပဲ ဦးစားပေးပြီး ပြုလုပ်သွား မှာပါ။ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ကို အဓိထား ဇောင်းပေးပြီး ဆွေးနွေး သွားမှာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA ၏ အလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသခံ ငါးဦးကိုလည်း ယင်း အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြား ထားသည်ဟု မမိုးမိုးထွန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါ၀င်သည့် လယ်ယာမြေပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ ခြံစည်းရိုးဝင်းခတ်မှုကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြံုရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့ သည်။