တစ်နိုင်ငံလုံး အပစ်ရပ်ရေးကို ၂၀၁၅ အတွင်း အပြီးလုပ်မည်ဟု ကြွေးကြော်ထားသည့် ဝန်ကြီး ဦးအောင်မင်းက လိုင်ဇာ ဗိုလ်သင်တန်းကျောင်းသို့ အစိုးရ တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှု အပါအဝင် နိုဝင်ဘာလ အတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ယင်းဒေသများအတွင်း အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် မလုပ်နိုင်သေး၍ ဖြစ်သည်ဟု ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ ရ ကြိမ်မြောက်ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းရရှိရေးဆွေးနွေးပွဲ မိန့်ခွန်းတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးအောင်မင်းက “အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ ဆိုရင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သက်သက်ကို သဘောတူရုံနဲ့ မလုံလောက်နိုင်ပါဘူး။
နှစ်ဖက်လိုက်နာရမယ့် စည်းကမ်းတွေကို သေသေချာချာ သတ်မှတ်ပြီး ချိုးဖောက်မှုတွေ ဖြစ်လာရင် စောင့်ကြည့် ကြီးကြပ် စိစစ်နိုင်တဲ့ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီ ပီပီပြင်ပြင် အသက်သွင်းနိုင်ဖို့ လိုပါလိမ့်မယ်” ဟုပြောသည်။
ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်ဆဲရေး သဘောတူညီချက်ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လက်မှတ်ရေးထိုးနိုင်ရန် ၀န်ကြီးဦးအောင်မင်းက မီဒီယာများကို အကြိမ်ကြိမ် ပြောကြားခဲ့ဖူးသည်။
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)၏ ဒုတိယခေါင်းဆောင် ဖဒိုကွယ်ထူးဝင်းကလည်း NCCT နှင့် UPWC တို့ နှစ်ဘက်တွေ့ဆုံဆွေးနွေးမှု မပြုလုပ်နိုင်သေးသည့် အချိန်တွင် စစ်ရေး၊ နိုင်ငံရေးအရ အငြင်းပွားဖွယ် ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့သည်ဟု လိုင်ဇာတွင်ဖြစ်ပွားခဲ့သည့် KIA ဗိုလ်သင်တန်းကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုကို ဥပမာပြု၍ ပြောကြားခဲ့သည်။
“ဒီလိုင်ဇာအဖြစ်အပျက်မျိုး ထပ်မံမကြံုတွေ့ရအောင် ဒီအဖြစ်အပျက်နဲ့ ပတ်သတ်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေအားလုံး ပါဝင်ညှိနှိုင်း အဖြေရှာပြီး အစည်းအဝေးတစ်ခုကို အမြန်ဆုံးပြုလုပ်ဖို့ တိုက် တွန်းအကြံပြုပါတယ်”ဟုပြောသည်။
နိုဝင်ဘာ ၁၉ ရက်က ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ KIO ဗိုလ်သင်တန်းကျောင်းပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ခဲ့သဖြင့် သင်တန်းသား ၂၃ ဦး သဆုံးခဲ့ပြီး၂၀ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင်းလည်း ဒီဇင်ဘာလအတွင်းက ရှမ်းပြည်မြောက်ပိုင်း အတွင်း ကေအိုင်အေ နှင့် တပ်မတော်တို့၏ တိုက်ပွဲအတွင်း တပ်မတော်သား ရဦး သေဆုံးခဲ့ရသည်။
ဒီဇင်ဘာ ၂၁ ရက်ကလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ ယင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ရှေ့ဆက် တွေ့ဆုံဆွေးနွေး ကြိုးပမ်းသွားရန်၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးသည် တစ်ဆက်တစ်စပ်တည်း ယှဉ်တွဲနေကြောင်းနှင့် အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်ဟု ကိုမြအေးက ပြောသည်။
UPWC နဲ့ NCCT တို့သည် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် စတုတ္ထမူကြမ်းကို ရရှိခဲ့ပြီး ကျန်ရှိသည့် အချက်များကို ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။