ပထမဆုံးအကြိမ်အဖြစ် မြန်မာ့တပ်မတော်နှင့် သတင်းမီဒီယာသမားများ တွေ့ဆုံပြီးနောက် မီဒီယာများအနေဖြင့် တပ်ပိုင်းဆိုင်ရာ အသုံးအနှုန်းများကို ဆင်ခြင်ကြရန် တပ်မတော်ကိုယ်စားပြု တက်ရောက်လာသည့် ဗိုလ်မှူးများက ထောက်ပြပြောဆို လိုက်သည်။
“တပ်မတော်မှာ အတိုကောက်ခေါ်ဖို့ သတ်မှတ်ထားတဲ့ အသုံးအနှုန်းတွေ ရှိပါတယ်။ ကာချုပ်တို့ ဘာတို့ဆိုတာ တပ်မတော်မှာ မရှိပါဘူး။ ဒါလေးတွေ သတိထားစေချင်ပါတယ်” ဟု ဗိုလ်မှူးကြီး အောင်ကျော်ထွန်း က ပြောသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို ကာချုပ်၊ တပ်ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ဟု မီဒီယာများ၏ ဖော်ပြမှုသည် မှားယွင်းသော အသုံးအနှုန်းများဖြစ်သည်ဟု ဆိုသည်။
“ဥပဒေပြင်ပက အဖွဲ့တွေအတွက် အရေးမကြီးပေမယ့် ဥပဒေဘောင်တွင်း တရားဝင်ထုတ်ဝေတဲ့ သတင်းမီဒီယာ တွေအနေနဲ့တော့ ဆင်ခြင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခင်မောင်ချို က ပြောသည်။
တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှုချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ တပ်မတော်ပိုင် မှတ်တမ်းရုံးတွင် တွေ့ဆုံကြစဉ် တပ်မတော်ဘက်က အထက်ပါအတိုင်း ထောက်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အသုံးအနှုန်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်စင်းကောင်စီ (ယာယီ)၊ ဒုဥက္ကဌဖြစ်သူ ဦးခင်မောင်လေး (ဖိုးသောကြာ) က “တရားဝင် အသုံးအနှုန်းကိုပဲ သုံးသင့်တယ်” ဟု ဆိုသည်။
ထိုတွေ့ဆုံမှုတွင် သတင်းမီဒီယာသမားများက တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများကို မြန်ဆန်၊ တိကျစွာ ထုတ်ပြန်ပေးနိုင်ရေး အတွက် သတင်းဝဘ်ဆိုဒ်တစ်ခု ထားရှိပေးရန်၊ တပ်မတော် သတင်းထုတ်ပြန်ရေး ကော် မတီ ဖွဲ့စည်းပေးရန်တို့ကို တောင်းဆိုခဲ့သည်။
တပ်မတော်မှ ကိုယ်စားပြုတက်ရောက်သူများက မီဒီယာများနှင့် မကြာခဏတွေ့ဆုံနိုင်ရန် ကြိုးစားသွားမည်ဟု ကတိပြုခဲ့ပြီး တပ်မတော်နှင့် တွေ့ဆုံနိုင်မည် သတင်းထောက်များ၏ အမည်စာရင်းကို ပေးထားစေလိုသည်ဟု ဆိုသည်။