ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ တပ်သားသစ်အဖြစ် စုဆောင်းခြင်း ခံထားရသည့် ရှမ်းနီတိုင်းရင်းသား ၂၈၀ ကျော် ရှိနေသည်ဟု ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့မှ ပြောကြားခြင်းသည် ချဲ့ကားပြောဆိုခြင်းသာဖြစ်သည်ဟု ကေအိုင်အို၏ နည်းပညာ အထောက်အကူပြု အဖွဲ့က ပြန်လည်တုံ့ပြန်လိုက်သည်။
မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရင်က “အစိုးရဘက်ကို တောင်းဆိုတော့ အစိုးရက မကူညီနိုင်ဘူး၊ကေအိုင်အိုကို တောင်းဆိုလည်း ကေအိုင်အေက မလုပ်ပေးဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အင်းတော်ကြီးဒေသ တစ်ဝိုက်မှာ ကလေးတွေ လေးယောက် ထပ်ခေါ်သွားတယ်” ဟု မဇ္စျိမကို ဒီဇင်ဘာ ၁၉ရက်က ပြောသည်။
တပ်မတော်က ထုတ်သည့် ဒီဇင်ဘာလ ၁၉ရက်ထုတ် မြဝတီသတင်းစာတွင်လည်း ကချင်ပြည်နယ်အတွင်းရှိ ရှမ်းနီ အပါအဝင် လာချိဒ်၊ လီဆူ၊ ရဝမ်လူမျိုးများအပေါ် KIO အဖွဲ့မှ တပ်သားသစ် အဖြစ် စုဆောင်းခြင်း၊ ခွဲခြားဖိနှိပ်ခြင်း၊ အမျိုးသမီးများအား အတင်းအဓမ္မ KIO အဖွဲ့ဝင်များနှင့် အိမ်ထောင်ချပေးခြင်း များ ပြုလုပ်နေသည်ဟု စွပ်စွဲ ရေးသားထားသည်။
သို့သော်လည် ရှမ်းနီအဖွဲ့၏ ပြောဆိုချက်များ အပါအဝင် မြဝတီသတင်းစာပါ အချက်အလက်များမှာ ချဲ့ကား၍ ပြောဆိုရေးသားမှု များသာ ဖြစ်ကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၏ နည်းပညာ အထောက် အကူပြုအဖွဲ့ (TAT) ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်ခါးက ဒီဇင်ဘာလ ၁၉ရက်က မဇ္စျိမ သတင်းစာကတစ်ဆင့် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“KIO ရဲ့ အဖွဲ့အစည်းထဲမှာ ရှမ်လူမျိုး၊ ရှမ်းနီတွေရဲ့ ပမာဏက လက်ချိုးရေတွက်လို့ ရတယ်၊ သူတို့ ပြောသလောက်လည်း မဟုတ်ပါဘူး၊ စစ်သား မစုဆောင်းရဘူးလို့ ကျွန်တော်တို့ကို မပြောနဲ့ အစိုးရ ထိုးစစ်ဆင်နေသမျှတော့ ကျွန်တော်တို့ စုဆောင်းရမှာပဲ” ဟု ဦးဒေါင်ခါးကပြောသည်။
ထိုသို့ KIO တပ်သားသစ် အဖြစ် စုဆောင်းခြင်း ခံထားရသည့် ရှမ်းနီလူမျိုး ၂၈၀ ကျော် ပြန်လည် လွတ်မြောက်လာရေးအတွက် လာမည့် ဇန်နဝါရီလ ၃ ရက်က မြစ်ကြီးနားမြို့ရှိ ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်၌ ဆုတောင်းပွဲတစ်ရပ်အား ပြုလုပ်ရန် စီစဉ် ထားသည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရင်က ပြောသည်။
“ကျွန်တော်တို့မှာ ဘုရားကိုပဲ ကိုးကွယ်ရာ ရှိတော့တယ်၊ အဲဒီနေ့မှာ တပ်သားသစ်အဖြစ် စုဆောင်းခြင်းခံရတဲ့ ကလေးမိဘတွေ စုပြီးတော့ဆုတောင်းပွဲလို လုပ်ဖို့တော့ စီစဉ်ထားတယ်” ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ်၌ ရှမ်းနီလူမျိုးများအား KIOက တပ်သားသစ် အဖြစ် စုဆောင်းမှု၊ အခွန်ကောက်ခံနေမှုများအား ရပ်တန့်ပေးရန်နှင့် ယင်းကိစ္စရပ်များအား နိုင်ငံတကာက သိရှိလာစေရန် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီးယာ၊ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် အမေရိကန် သံရုံးမှ လူ့အခွင့်အရေး အရာရှိ ဒုတိယအတွင်းဝန် Mr.Thu Huynh Thi Nyuyen တို့အား ဇူလိုင်လက တိုင်ကြားစာများ ပေးပို့ထားသည်ဟု ဆိုသည်။
နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းနှင့် တပ်သားသစ် စုဆောင်းမှုမှာ ဆက်စပ်နေ၍ ငြိမ်းချမ်ရေး လုပ်ငန်းစဉ် စတင်နိုင်ရေး၏ ပထမအဆင့် အနေဖြင့်အပစ်အခတ်ရပ်စဲရေးအား ဦးစွာလုပ်စေလိုသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အတွင်းရေးမှူး ဦးစောဝင်းထွန်းက မဇ္စျိမကို ပြောသည်။
“အပစ်အခတ် မရပ်စဲဘဲ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေရင် နှစ်ဖက် စစ်တပ်ကရော၊ KIO ကရော တပ်သား စုဆောင်းတာ၊ အခွန်အကောက် ကောက်တာတွေ ရှိနေမှာ၊ ဒါကြောင့် ပထမအဆင့် အနေနဲ့ အပစ်အခတ်ကို အရင် ရပ်စဲစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ကေအိုင်အို နှင့် အစိုးရတို့အကြား နိုဝင်ဘာ ၁၉ရက်က ကေအိုင်အို၏ ဗိုလ်လောင်း သင်တန်းကျောင်းပေါ်ကို လက်နက်ကြီးကျကာ ဗိုလ်လောင်း ၂၃ ဦး သေဆုံးမှု ဖြစ်စဉ်နောက်ပိုင်းတွင် စစ်ရေးတင်းမာခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်မှ ၁၅ ရက် အထိပင် ရှမ်းပြည်မြောက်ပိုင်း ဒေသတို့၌ ကချင်လွတ်လပ်ရေး တပ်မတော် အပါဝင် တအာင်း (ပလောင်)၊ ကိုးကန့် အဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။