ဦးနေဝင်း အစိုးရလက်ထက်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အဦနေရာတွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ဒီဇင်ဘာ ၁၈ ရက်က သမ္မတ ဦးသိန်းစိန်၊ ဒု-သမ္မတနှစ်ဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ထံ ဆောက်လုပ်ခွင့်လျှောက်ထားစာ တင်လိုက်သည် ဟု ဒေါက်တာ အောင်ခင်ဆင့်က မဇ္စျိမသို့ ပြောသည်။
"ဒီအဆောက်အဦပေါ်မှာ ကျောင်းသားတွေရဲ့ လုပ်ငန်းတွေပေါ်ပေါက်မယ်၊ ကျောင်းသားထုအတွက် လည်း ကောင်းမယ်၊ တကယ်လို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရမယ်ဆိုလည်း သွားလျှောက်ပါမယ်" ဟု ၎င်းက ပြောသည်။
သမဂ္ဂအဆောက်အဦသစ် ပြန်ဆောက်လုပ်ရန် အစိုးရကသာ ခွင့်ပြုချက်ပေးပါက ပညာရှင်များ၊ စေတနာရှင် များ၊ တက်ကျွမ်းသူများ ပါဝင်သည့် အဖွဲ့တစ်ခုကို အများသဘောဖြင့် ဖွဲ့စည်းသွားမည်ဟု ဒေါက်တာအောင်ခင်ဆင့်က ဆိုသည်။
၎င်းက ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်ဆောက်လုပ်ခွင့်ကို တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်တွင် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းကလည်း တကိုယ်တော် ဆန္ဒပြခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလှိုင် ၈ ရက် နံနက်ပိုင်းက ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်း ခံခဲ့ရသော သမဂ္ဂအဆောက် အဦ နေရာတွင် ပြန်လည်ဆောက်လုပ်ခွင့်ပြုရန် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်သည်။
ကျောင်းသားသမဂ္ဂ အေဆောက်အဦကို မူလည်နေရာတွင် ပေါ်ပေါက်လာရန် ရည်ရွယ်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများက ဒီဇင်ဘာ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့သေးသည်။
ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တည်ထောင်သူ ကိုစည်သူမောင်ကလည်း "ဒီ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးက ကျွန်တော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ အမှတ်သင်္ကတ တစ်ခုလည်းဖြစ်တယ်၊ သမ္မတကြီး ပြန်လည်ခွင့်ပြုပေးသင့်တယ်၊ ကျွန်တော်တို့ ဒီအဆောက်အဦး ပေါ်ထွန်းရေးကို တစ်ထောင့် တစ်နေရာကနေ ကျိုးပမ်းသွားမယ်။"ဟု မဇ္စျိမကို ပြောသည်။
ရန်ကုန်တက္ကသိုလ်အတွင်း ၁၉၂၀ ခုနှစ် မှ ၁၉၆၂ ခုနှစ်အထိ ကျောင်းသားသမဂ္ဂသည် ၁၉၆၂ ခုနှစ် ကျောင်းသား အရေးအခင်းတွင် သမဂ္ဂအဆောက်အအုံကြီး ဖြိုခွဲခံလိုက်ရခြင်းနှင့် ကျောင်းသား သမဂ္ဂဖွဲ့စည်းခြင်းကို ဖိနှိပ်ဖြိုခွဲခံလိုက်ရသည့် နောက်ပိုင်းတွင် ကျောင်းသား လှုပ်ရှားမှုများ အစဉ်မပြတ်ရှိသော်လည်း ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ဖွဲ့စည်းခွင့် မရခဲ့ပေ။