ပြည်ပရောက် မြန်မာပြောင်းရွှေ့လုပ်သားတချို့ လူ့အခွင့်အရေး ချိုးဖောက်ခံရဟု ဒု-သမ္မတပြော

ပြည်ပရောက် မြန်မာပြောင်းရွှေ့လုပ်သားတချို့ လူ့အခွင့်အရေး ချိုးဖောက်ခံရဟု ဒု-သမ္မတပြော
by -
မဇ္စျိမ

 မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ငါးရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေပြီး တချို့မှာ စာရွက်စာတမ်းများ စုံလင်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသည်ဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားသည်။

ဦးဉာဏ်ထွန်းက “ရွှေ့ပြောင်းလုပ်သားတွေဟာ လူကုန်ကူးခံရတာ၊ လူမှောင်ခိုကူးခံရတာ၊ ကြွေးမြီတွေတင်တာ၊ ရုပ်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် ခံရတာတွေ ရှိပါတယ်” ဟု ပြောသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့် ၄၅ ကြိမ်မြောက် ရွှေ့ပြောင်းသွား လာသူများနေ့ အခမ်းအနား တွင် ဒုတိယသမ္မတက ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာတွင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှုသည် မည်သည့်အခါတွင်မှ ရပ်တန့်နေမည်မဟုတ်ဘဲ တိုးတက်ဖြစ်ထွန်းနေ မည်ဖြစ်ပြီး ရွှေ့ပြောင်းသွားလာနေ ထိုင်သူများ၊ အထူးသဖြင့် ကျွမ်းကျင်မှုနိမ့် သည့် ရွှေ့ပြောင်းလုပ်သားများသည် စွန့်စားမှုများ ရင်ဆိုင်နေကြရသည်ဟုလည်း ၎င်းက ပြောကြားသည်။

အလားတူပင် ရွှေ့ပြောင်းအလုပ်သမားများသည် အခြေခံအခွင့်အရေးနှင့် ဝန်ဆောင်မှုများကို အနိမ့်ဆုံးအဆင့်သာ ခံစားခွင့်ရရှိနေပြီး ခြိမ်းခြောက်အနိုင်ကျင့် ခံရခြင်း၊ ဆိုးရွားစွာအကြမ်းဖက်ခံရခြင်း၊ ခွဲခြား ဆက်ဆံခံရခြင်းနှင့် အလေးထားတန်ဖိုးထားမှု မခံရခြင်းစသည်များကို ကြုံတွေ့ ခံစားနေရသည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် ရွှေ့ပြောင်းသွားလာသူ အရေအတွက်သည် ၂၃၂ သန်း ကျော်ရှိပြီး ၎င်းတို့အနက် ၂၀ ရာခိုင်နှုန်းမှာ ပုံမှန် မဟုတ်သော အခြေအနေများနှင့် ရင်ဆိုင်ရဖွယ်ရှိသည့်အတွက် စိတ်ချလုံခြံု ၍ ပွင့်လင်းမြင်သာသော ပုံမှန်ရွှေ့ပြောင်း နေထိုင်မှု လမ်းကြောင်းများကို ချပေးခြင်းဖြင့် ရွှေ့ပြောင်း နေထိုင်သူများ အပေါ် သက်ရောက်လာနိုင်မည့် လူ့အခွင့်အရေး အကြမ်းဖက်မှုများကို ရပ်တန့်စေနိုင်မည်ဟု ကုလသမဂ္ဂ ကလည်း ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။