လက်ညှိုးထောင် ခေါင်းညိတ်များထက် ခေါင်းခါ အပစ်ရပ်အဖွဲ့ ပိုများနိုင်

လက်ညှိုးထောင် ခေါင်းညိတ်များထက် ခေါင်းခါ အပစ်ရပ်အဖွဲ့ ပိုများနိုင်
စစ်အစိုးရ ကြေငြာခဲ့ဘူးသော အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့အနက် စစ်အစိုးရဆန္ဒအတိုင်း မလိုက်လျောဘဲ ခေါင်းခါ ငြင်းဆန်သည့် အဖွဲ့ ပိုများနိုင်ကြောင်း အပစ်ရပ် စောင့်ကြည့် လေ့လာသည့် အသိုင်းအဝိုင်းက ဆို ...

 
စစ်အစိုးရကြေငြာခဲ့ဘူးသော အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့အနက် စစ်အစိုးရဆန္ဒအတိုင်း မလိုက်လျောဘဲခေါင်းခါငြင်းဆန်သည့် အဖွဲ့ ပိုများနိုင်ကြောင်း အပစ်ရပ်စောင့်ကြည့်လေ့လာသည့် အသိုင်းအဝိုင်းကဆိုသည်။

၁၉၈၉ မှစ၍ စစ်အစိုးရအား လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြသည့် တပ်ဖွဲ့များတဖွဲ့ပြီးတဖွဲ့ ငြိမ်းချမ်းရေးရယူ ရပ်တည် ခဲ့ကြသည့် အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့အထဲ၌ သျှမ်းပြည်တွင်း အပစ်ရပ် အဖွဲ့ ၉ ဖွဲ့ရှိရာ အပစ်ရပ်အဖွဲ့များအား ၂ဝ၁ဝ ရွေးကောက် ပွဲမတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် စစ်အစိုးရကြိးစားနေမှုကို ကိုးကန့်၊ ဝ ၊ မိုင်းလား အပစ်ရပ်အဖွဲ့တို့မှ စစ်အစိုးရဆန္ဒအတိုင်းလက်မခံ သဘောမတူနိုင်ကြောင်းပြောပြီး သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ကလည်း လိမ္မာပါးနပ်စွာ ငြင်းပါယ်ထားကြောင်း ဒေသတွင်းသတင်းများကပြောဆိုသည်။

သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ်ဦးခွန်စိုင်းက- “သျှမ်းပြည်မှာ အပစ်ရပ်အဖွဲ့ ၉ ဖွဲ့ ရှိတယ်ဆိုပေမဲ့ PSLA ပလောင် အဖွဲ့ ကို ၂ဝဝ၅ မှာ အတင်းအကျပ်လက်နက်ချခိုင်းတယ်။ အဲဒီနှစ်မှာဘဲ SSNA တချို့တပ်ရင်းတွေ ပလောင်တပ်ဖွဲ့လို လက်နက်ချရပေမဲ့ ကျန်တပ်ရင်း တပ်မဟာတွေကိုတော့ ဗိုလ်မှူးကြီးစိုင်းရီက ဦးဆောင်ပြီးတောပြန်ခိုခဲ့တယ်။ အဲဒီ အထဲမှာ သျှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ SNPLO လည်း SSNA အတိုင်းဘဲ ၂ဝဝ၇ နှစ်လည်ပိုင်းမှာ တပ်စိတ်/ဖွဲ့တချို့ လက်နက် ဖြုတ်ခံရသလို တချို့လဲတောပြန်ခိုတယ်” -  ဟုဆို၏။

သျှမ်းပြည်အမျိုးသားတပ်မတော်၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော်၊ သျှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့တို့သည် စစ်အစိုးရလိုလားချက်အတိုင်း အားမတန်မာန်လျှော့ လက်နက်ချ လိုက်လျောခဲ့ကြသကဲ့သို့ လက်ရှိ စစ်အစိုးရဆန္ဒအတိုင်း လက်ညှိုးထောင် ခေါင်းညိတ်မည့်အလားအလာရှိသည့်အဖွဲ့များမှာ ပအိုဝ်းဖြူ PNO နှင့် ကချင် KDA တို့ဖြစ်နိုင်ချေရှိကြောင်း သိရသည်။

ပအိုဝ်းဒေသအခြေအနေစောင့်ကြည့်လေ့လာသည့် ပအိုဝ်းလူငယ် ခွန်ဟောဝ်မြတ်က -“PNO  လို့ခေါ်တဲ့ ဦးအောင်ခမ်းထီ အဖွဲ့က - ၁။ နယ်မြေဒေသကို မစွန့်ခွာနိုင်သူ အများစုဖြစ်လို့တောပြန်ခိုဖို့မလွယ်ဘူး။ ၂။ မြို့ထဲမှာစီးပွားရေးလုပ်ငန်းအများ အပြားမြုပ်နှံထားတယ်။ နောက်ဆုံးအချက်က အခြားအပစ်ရပ်တွေထက် စစ်အစိုး နဲ့ သူတို့ပိုရင်းနှီးတယ်။ တခြားအပစ် ရပ်တွေနဲ့ ရေမြေဒေသ အခြေအနေမတူတော့ စစ်အစိုးရဆန္ဒအတိုင်း လိုက်လျောဖို့များတယ်” - ဟုဆို၏။

စစ်အစိုးရသတ်မှတ်သည့် အပစ်ရပ် ၁၇ ဖွဲ့အနက် - သျှမ်းပြည်တွင် ကိုးကန့် (MNDAA)၊ ဝ အဖွဲ့ (UWSA)၊ သျှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N)၊ မိုင်းလား (NDAA) တို့က ခေါင်းခါသည့်အဖွဲ့ထဲပါဝင်နိုင်ပြီး ကျန်သည့်ကချင် ကာကွယ်ရေး တပ်မတော် (KDA ) နှင့် ပအိုးအမျိုးသားအဖွဲ့ (PNO) တို့က ခေါင်းညိတ်ဘို့များနိုင်ကြောင်းသုံးသပ်ကြ သူများရှိ နေသည်။

လက်နက်ကိုင်တပ်ဖွဲ့ ဒုတိယအများဆုံးဖြစ်သည့် ကရင်နီပြည်၌ - ကယန်းအမျိုးသားစောင့်ရှောက်ရေးအဖွဲ့(KNG)၊ ကရင် နီလူမျိုးများလွတ်မြောက်ရေးတပ်ဦး (KNPLF) တို့မှာ ခေါင်းညိတ်နိုင်မည့်အဖွဲ့ဖြစ်ပြီး၊ ကယန်းပြည်သစ်ပါတီ (KNLP) မှာမူ လက်မခံနိုင်ကြောင်းသိရ၏။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၁၉၉၅ တွင် သုံးလတာအပစ်ရပ်ခဲ့ရာမှ နအဖ ၏ သဘောတူညီချက်ချိုးဖေါက်မှုကြောင့် အခုအထိပြန်လည်တိုက်ခိုက်နေသော်လည်း စစ်အစိုးရက အပစ်ရပ်စာရင်းမှ မဖျက်သေးပေ။

ကချင်ပြည်၌ ဒီမိုကရေစီသစ်တပ်မတော် - ကချင် (NDAK) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့က မူအရ စစ်အစိုးရ၏ အသွင်ပြောင်းရေးအစီအစဉ်ကို လက်ခံထားသော်လည်း လက်နက်ချဖို့၊ တပ်ပြန်လည်ဖွဲ့စည်းဖို့ကိုလက်မခံနိုင် ကြောင်း ကချင်သတင်းအယ်ဒီတာ ကိုနော်ဒင်းကပြောပါသည်။

မွန်ပြည်သစ်ပါတီက - “နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး” ဆိုသည့်အချက်သည် အပစ်စရပ်စဉ်က နအဖ တို့ထည့် သွင်း ပြောမထားခဲ့ဖူးသောကြောင့် လက်မခံနိုင်ကြောင်းပြောသော်လည်း တိုးတက်သောကရင်ဗုဒ္ဓဘာသာက ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အား နအဖ နှင့်ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်သည့်အပြင်နယ်ခြားစောင့် တပ်အသွင်ပြောင်းဖို့ နယ်မြေ တိုးချဲ့နေကြောင်း ကရင်သတင်းစဉ်အယ်ဒီတာ နန်းဖေါကေ ကဆိုပါသည်။

Most read this week