ကချင်နှင့် ရှမ်းမြောက် ဒုက္ခသည်များထံ ကုလ အကူညီမပေးနိုသည်ဟုမှာ ၂ လကြာပြီဖြစ်

ကချင်နှင့် ရှမ်းမြောက် ဒုက္ခသည်များထံ ကုလ အကူညီမပေးနိုသည်ဟုမှာ ၂ လကြာပြီဖြစ်
by -
မဇ္စျိမ

 ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့၍ အိုးအိမ်စွန့်ခွာခဲ့ရသည့် စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည် များ ပို့ဆောင်ခွင့် မရသည်မှာ နှစ်လခန့် ကြာမြင့်ပြီဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။

“ပြီးခဲ့သည့် စက်တင်ဘာလနောက်ပိုင်း မပို့တာ တော်တော်ကြာပြီး ကျွန်တော်တို့ အိမ်ထောင်စုသုံး ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ၊ ရာသီဥတုနဲ့ပတ်သက်လို့ အရေးတကြီး လိုအပ်နေတယ်။ ဒါတွေ အမြန်ဆုံး ပို့နိုင်ဖို့ ညှိနှိုင်းနေပါတယ်။ ဒါပေမဲ့ အခြေအနေက မပေးသေးဘူး” ဟု ကုသလမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက မဇ္စျိမကို ပြောသည်။

Kachin-Battles-Victims-1

ကချင်ပြည်နယ်တွင် အစိုးရဘက်မှ ခွင့်ပြုချက် ရရှိရန် ညှိနှိုင်းနေရသဖြင့် စစ်ပြေးဒုက္ခသည်များအတွက် စောင်၊ အနွေးထည်နှင့် စားနပ်ရိက္ခာ ပစ္စည်းများ ပို့ဆောင်ခွင့် မရသေးဟု ဦးအေးဝင်းက မဇ္စျိမကို ပြောသည်။

လက်ရှိ ဒေသတွင်း NGO အဖွဲ့အစည်းများက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့သူ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အကူအညီပေးရေး အရေးတကြီး လိုအပ်လျက်ရှိသည့် နေရာများတွင် ကူညီနိုင်ရန် ကြိုးပမ်းနေကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုသမသဂ္ဂ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု မရတော့သဖြင့် စစ်ပြေးဒုက္ခသည်များအတွက် အရေးပေါ် အကူအညီပေးနိုင် ရန် ဒေသတွင်း အကူအညီပေးရေးအဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်း အကူအညီပေးရေး အဖွဲ့များက ဆန်၊ အစားအသောက်နှင့် ရိက္ခာအတွက် ငွေကြေးထောက်ပံ့မှုများ ပေးနေ သည်ဟု မေတ္တာ ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဆိုင်းစမ်ခမ်းက ဒီဇင်ဘာလ ၁၂ ရက်က မဇ္စျိမကို ပြောသည်။

KIO က ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆာက “သူတို့ မထောက်ပံ့ရင် လည်း ဒေသတွင်း အန်ဂျီအိုတွေရှိတယ်။ သူတို့တွေ ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ရင်တော့ အရမ်းဒုက္ခရောက် သွားနိုင်တယ်။ သူတို့ထောက်ပံ့နေတော့ ခုလောလောဆယ် စိုးရိမ်ရလောက်အောင်တော့ မဖြစ်သေးဘူး”ဟု မဇ္စျိမကိုပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၉၈,၀၀၀ ရှိပြီး လက်ရှိ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာနှင့် ဗန်းမော်မြိ့နယ်ရှိ ဒုက္ခသည်ပေါင်း ၂၇,၅၀၀ ခန့်ရှိပြီး ထိုအထဲတွင် ကလေးငယ်ပေါင်း ၁၂,၀၀၀ ခန့် ရှိနေသည်ဟု UNOCHA ၏ နိုဝင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်ကတည်းက စစ်ပြေးဒုက္ခသည် ၃ သောင်းကျော်အတွက် လစဉ် စားနပ်ရိက္ခာ အထောက်အပ့ံများ ပို့ဆောင်ခဲ့ရာမှ စက်တင်ဘာလမှ စတင်၍ ပို့ဆောင်ခွင့် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် စစ်ပြေးဒုက္ခသည်များအတွက် ကူညီထောက်ပံ့ခွင့် မရခြင်းသည် အစိုးရနှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် လုံခြံုရေးအခြေအနေနှင့် အစိုးရ ခွင့်ပြုချက် ရယူသည့် နေရာတွင် ဗျူရိုကရက်တစ်ဆန်သည့် ကြန့်ကြာမှုများကြောင့် ဖြစ်သည်ဟု UNOCHA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၃ ရက်က ကုလသမဂ္ဂ အကူအညီများ ရောက်လာမည်ဟု ပြောဆိုခဲ့သော်လည်း အစိုးရ ခွင့်ပြုချက်မရသဖြင့် ထိုနေ့တွင် အကူအညီများ မရောက်လာတော့သဖြင့် ဒေသတွင်း အကူအညီပေးရေး အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဖြေရှင်းပေးနေရသည်ဟု KIO မှ စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ခံ ဦးဒွဲပီဆာက ပြောသည်။