တိုင်းရင်းသား တပ်ပေါင်းစုနှင့် မြန်မာ စစ်တပ်တို့ ရှမ်းပြည် မြောက်ပိုင်းတွင် ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေ

တိုင်းရင်းသား တပ်ပေါင်းစုနှင့် မြန်မာ စစ်တပ်တို့ ရှမ်းပြည် မြောက်ပိုင်းတွင် ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေ
by -
ရွှေဟင်္သာ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့နယ်၊ နမ့်ဆန် မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ် တို့၌ ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၀) ရက်နေ့ အထိ ရက်ဆက်ပင် တိုင်းရင်းသား တပ်ပေါင်းစု အဖွဲ့နှင့် မြန်မာ စစ်တပ် တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေခဲ့ကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့၏ ဥက္ကဌ တာအိုက်ဖုန်းမှ ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၁) ရက်နေ့၌ ပြောသည်။

“ဒီဇင်ဘာ (၁၀) ရက်နေ့ ကတော့ နံနက် (၅) နာရီ ကနေ ညနေ (၃) နာရီ အထိ ကွတ်ခိုင် မြို့နယ် တာမိုးညဲမှာ တိုက်ပွဲ ဖြစ်တယ်။ တော်တော် လေးကို ပြင်းပြင်း ထန်ထန် ဖြစ်တာ။ မြန်မာ စစ်တပ် ဘက်က လက်နက်ကြီး တွေနဲ့ တော်တော် ပစ်တယ်။ (၈) ရက်နေ့ မှာလဲ ကျောက်မဲ မြို့နယ်မှာ ဖြစ်တယ်။ ဒီဇင်ဘာ (၉) ရက်နေ့ မှာလဲ နမ့်ဆန် မြို့နယ်မှာ ဖြစ်တယ်။ ကျွန်တော်တို့ တပ်ပေါင်းစု အဖွဲ့တွေ ဖြစ်တဲ့ TNLA တပ် ၊ ကချင် KIO တပ်နဲ့ ၊ ကိုးကန့် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်တာပါ” ဟု PSLF ဥက္ကဌ တာအိုက်ဖုန်းက ဒီဇင်ဘာ (၁၁) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနသို့ ပြောသည်။

Phophtaw1301

အဆိုပါ တိုက်ပွဲ များသည် မြန်မာ စစ်တပ် တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း များနှင့် တိုင်းရင်းသား တပ်ပေါင်းစု တို့အကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ ဖြစ်ကာ ထိုတိုက်ပွဲ အတွင်း အထိအခိုက် အကျအဆုံး များနှင့် ပတ်သက်၍ အတည်မပြု နိုင်သေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ် ကတည်း ကပင် တွင် မြန်မာ စစ်တပ်မှ ရှမ်းပြည် မြောက်ပိုင်း ဒေသ များသို့ တပ်အင်အားများ ထပ်မံ တိုးချဲ့ လာနေ သည်ဟု တာအိုက်ဖုန်းက ပြောသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွား နေမှု ရှိသော်လည်း တစ်ဖက်၌ တနိုင်ငံလုံး အပစ်ရပ် စာချုပ် ချုပ်ဆို နိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ UPWC တို့အကြား ညှိနှိုင်း ဆွေးနွေးပွဲ များကို ဆက်လက် ပြုလုပ် သွားရမည် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၁) ရက်နေ့၌ ပြောကြား ခဲ့သည်။

“ကျွန်တော်တို့က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် မရေးထိုး နိုင်သေး ပါဘူး။ ထိုးပြီး ရင်လဲ ပစ်ခတ် တိုက်ခိုက် မှုတွေ ရှိကောင်း ရှိနိုင် ဦးမယ်။ ဒါတွေကြောင့် ဆွေးနွေး ပွဲကို ရပ်တန့်လို့ မရဘူး။ ဆွေးနွေးပွဲ ကြားကာလမှာ နှစ်ဖက် တပ်တွေ ထိပ်တိုက် ထိတွေ့မှု ပြဿနာ ဖြစ်ရင်လဲ စားပွဲဝိုင်း မှာဘဲ ဆွေးနွေးတဲ့ နည်းလမ်းက အကောင်းဆုံး ပါဘဲ” ဟု ဦးလှမောင်ရွှေက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုသို့ နှစ်ဖက် အဖွဲ့ အကြား တိုက်ပွဲ ဖြစ်ပွား နေသည့် အနေ အထားသည် လက်ရှိ ညှိနှိုင်း နေသည့် တနိုင်ငံလုံး အပစ်ရပ် စာချုပ် အောင်မြင်နိုင်ရေး အတွက်နှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အား ထိခိုက် စေနိုင်သည် ဟုလည်း PSLF ဥက္ကဋ္ဌ တာအိုက်ဖုန်းက ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောကြားသည်။

“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြိုးပမ်း နေစဉ်မှာ ဒီလို တိုက်ပွဲတွေ မဖြစ်သင့်ဘူး။ ကျွန်တော် တလျှောက်လုံး ပြောခဲ့တယ်။ အခု တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတယ်။ ဒီလို တိုက်ပွဲ ဖြစ်တော့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ ထိခိုက် မှုတော့ ရှိလာ နိုင်တယ်” ဟု တာအိုက်ဖုန်းက ဒီဇင်ဘာ (၁၁) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂) ရက် နေ့တွင် စက်တင်ဘာလ ကတည်းက ရပ်တန့် နေသည့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ နိုင်ရေး အတွက် ဆွေးနွေး ပွဲများ ပြန်လည် စတင် နိုင်ရေး အတွက် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူ များနှင့် တစ်နိုင် ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ အကြား ထိုင်းနိုင်ငံတွင် အကြို ညှိနှိုင်း ခဲ့ကြပြီး ဖြစ်ကာ လာမည့် ဒီဇင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ များတွင်လည်း ဒုတိယ အကြိမ် အလွတ် သဘော ထပ်မံ တွေ့ဆုံ ညှိနှိုင်း ကြရန် ရှိနေပါသည်။

အစိုးရ ဘက်မှ လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ များတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ UPWC နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT တို့အကြား တရားဝင် ထပ်မံ တွေ့ဆုံ နိုင်ရေး အဆိုပြု ထားသော်လည်း ၎င်း အဆို ပြုချက််ကို NCCT မှ တရားဝင် အကြောင်း ပြန်ကြားခြင်း မရှိ သေးကြောင်း ညီညွတ်တော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှုးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ပြောကြား ထားခဲ့သည်။

မြန်မာ အစိုးရ အနေဖြင့် ထိုရှမ်းပြည်နယ်၌ အခြေစိုက် ထားသည့် တောင်ပိုင်း ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် (SSPP/SSA) ၊ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား တပ်ဖွဲ့ အစရှိသည့် လက်နက်ကိုင် တပ်ဖွဲ့ များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားနိုင် ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း KIO ခေါ် ကချင် လွတ်လပ်ရေး အဖွဲ့ ၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့ တို့နှင့်မူ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားနိုင်ခြင်း မရှိသေး၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေဆဲ အခြေအနေတွင် ရှိနေ သေးသည်။