ကယားပြည်နယ် ရှားတောမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် ကျေးလက် ကတ္တရာလမ်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကွင်းဆင်း စစ်ဆေးမှုအရ သတ်မှတ် ထားသည့် စံချိန်စံနှုန်း ပြည့်မီမှု မရှိသည့်အတွက် ပြန်လည် ပြုပြင်နေရသည်ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးဌေးရယ်က ပြောသည်။
၎င်းအပြင် ရှားတောမြို့နယ် ၂၅ ကုတင်ဆံ့ ဆေးရုံ တည်ဆောက်ရာတွင် အောက်ခြေ အုတ်မြစ်များကို ကျောက်ဖြင့် မစီဘဲ၊ အုတ်များဖြင့် စီထားသည့်အတွက် ဒေသခံများက ၎င်းအုတ်မြစ်သည် ခိုင်ခံ့မှု မရှိနိုင် ကြောင်းပြောဆိုသဖြင့် လွှတ်တော်သို့ တင်ပြခဲ့သည်ဟု ၎င်းကဆိုသည်။
“ပြည်သူတွေက ဆေးရုံဆောက်တဲ့ နေရာမှာ၊ အောက်ခြေမှာ ကျောက်ကြီး စီမယ့်အစား၊ ကျောက်ကြီး မဟုတ်ဘဲနဲ့၊ အုတ်နဲ့ဘဲ တက်ထားတယ်။ အဲဒါ ပြိုကျနိုင်တယ်လို့ ကျနော်တို့ကို တင်ပြလာတယ်” ဟု ၎င်းက ရှင်းပြသည်။
ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်နေသည့် ကုမ္မဏီများကို အကြိမ်ကြိမ် ပြောဆို တိုင်ပင်ခဲ့ သော်လည်း အလေးထား ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဦးဌေးရယ် က ဆက်ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များသည် ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် အလေးထား တိုင်ပင်ရမည့် ဥပဒေရှိကြောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် အရည်အသွေး မမှီပါက တိတိကျကျ လွှတ်တော်သို့ တင်ပြရန် တာဝန်ရှိကြောင်း ဒီးမော့ဆိုမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ် က ပြောသည်။
“ရှားတောမြို့နယ်ကတော့ တင်ပြလို့ ပြည်ထောင်စုက ကွင်းဆင်းပြီး လေ့လာခဲ့ရပါတယ်” ဟု ဦးစိုးရယ် က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ပြောသည်။
ရှားတောမြို့နယ်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်၏ တင်ပြချက်အရ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် အရည်အသွေး မမှီသည့် စီမံကိန်းများ စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော်ဥက္ကဌက စီမံကိန်းများ အရည်အသွေး မပြည့်မှီပါက တိကျသည့် သတင်းအချက် အလက်နှင့် မှတ်တမ်းများဖြင့် တင်ပြရန် ညွှန်ကြားထားသည့်အတွက် အခြားသော မြို့နယ်များမှ ကိုယ်စား လှယ်များသည်လည်း ကွင်းဆင်း စစ်ဆေးလျက်သည်။
ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရံပုံငွေ ခွဲဝေမှု၊ ပြည်နယ် အစိုးရ ရံပုံငွေနှင့် ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလျှင် ကျပ်သိန်းတစ်ထောင် ရံပုံငွေများဖြင့် ပြုလုပ်လျက် ရှိသည်ဟု သိရသည်။