ယာဉ်ဓါးပြတိုက်ခံနေရစဉ် ရောက်လာသော KNU တပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရ၍ သေဆုံး

ယာဉ်ဓါးပြတိုက်ခံနေရစဉ် ရောက်လာသော KNU တပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရ၍ သေဆုံး
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် မလွှဲတောင်ပေါ်၌ ရန်ကုန်-ထားဝယ် အောင်ရတနာမှန်လုံခရီး သည်တင်ယာဉ် ဒီဇင်္ဘာလ ၁၀ရက်နေ့ ညနေပိုင်းက ဓါးပြတိုက်ခံနေရစဉ် ၎င်းနေရာသို့ ရောက်ရှိလာသော KNU တပ်ဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခတ်ခံ သေဆုံးခဲ့ရသည်ဟု သိရသည်။

ထားဝယ်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် ၄စ/ ရ၄၉၆ အောင်ရတနာခရီးသည်တင် မှန်လုံယာဉ်ပေါ်ပါ ခရီးသည် ၄၅ ဦးထံ အမည်မသိလက်နက်ကိုင်အဖွဲ့က ဓါးပြတိုက်နေစဉ် KNU အရာရှိတစ်ဦးနှင့် တပည့်တစ်ဦး မော်တော်ကားဖြင့် ရောက်ရှိလာ၍ သေနတ်ပစ်ခတ်ခံသေဆုံးရခြင်းဖြစ်ကြောင်း ဒေသရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Ye-Tovoy-300x200

သူက “ခရီးသည်တွေဆီက ရွှေတွေ၊ လက်ဝတ်ရတနာ၊ ပိုက်ဆံတွေ၊ ဖုန်းတွေကို ဓါးပြတွေ လိုက်သိမ်းနေ တဲ့အချိန်မှာ အဲဒီ KNU အရာရှိက ကားနဲ့ရောက်လာတယ်၊ ဓါးပြက လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက် KNU ၂ ယောက်စလုံး သေဆုံးခဲ့ရတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ဖုန်းဖြင့် ပြောသည်။

သေဆုံးသူ KNU တပ်ဖွဲ့ဝင် ၂ ဦးမှာ တပ်မဟာ ၄ မှ ဗိုလ်စောခင်ဝင်းနှင့်တပည့်ဖြစ်သူ မောင်လေး ဆိုသော်လည်း KNU မှ အတည်ပြုချက် မရရှိသေးပေ။

အဆိုပါ သေဆုံးသူ KNU တပ်ဖွဲ့ဝင် ၂ ဦးအလောင်းအား ရေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ အောင်ရတနာ မှန်လုံယာဉ် ဓားပြတိုက်ခံရစဉ်တွင် အင်အား ၁၀ ယောက်ခန့်ရှိသည်ဟု ခရီးသည်များ ခန့်မှန်းပြောဆိုကြသည်။

အဆိုပါ ဖြစ်စဉ်အပြီး ရောက်ရှိလာသော အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းလျှောက်စကားပြောစက် ၂ လုံးနှင့် လက်နက်ငယ် ၁ လက်သိမ်းဆည်း ရမိထားပြီး၊ ယခုအခါ ရေး- ထားဝယ်ကားလမ်း၌ လုံခြုံရေးများ တင်းကြပ်ထားသည်ဟု သိရသည်။

တနင်္သာရီတိုင်းရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်၊ ခေါဇာမြို့အနီးတဝိုက်တွင် အမည်မသိလက်နက်ကိုင် အဖွဲ့အစည်းက ဒေသခံကျေးရွာများတွင် ဆက်ကြေးတောင်းခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက်ခြင်း ပြုလုပ်ခဲ့ သည့် ဖြစ်စဉ်များတွေ့ရှိနေရသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် ခေါဇာ မြို့နယ်ရှိ ဘုန်ကြီးကျောင်း တစ်ကျောင်း၌ မဟာဒုက်ဆွမ်း ကျင်းပနေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒေသခံ ၅ ဦးကို ပြန်ပေးခေါ်ဖမ်းဆီးမှု ဖြစ်ပေါ်ခဲ့သည်။