တပ်မြေ ကျူးကျော်မှုဖြင့် တိုင်တန်းခံရသော တောင်သူ ၈ ဦး အာမခံရ

တပ်မြေ ကျူးကျော်မှုဖြင့် တိုင်တန်းခံရသော တောင်သူ ၈ ဦး အာမခံရ
by -
မဇ္စျိမ

 ခလရ (၁၄) စစ်တပ်က တပ်ပိုင်မြေ ကျူးကျော်မှုဖြင့် တိုင်တန်းခံထားရသော ဘယ်လက်ကျေးရွာ၊ ပုတ္တန်းကျေးရွာ၊ ပုရပိုက်တန်းကျေးရွာမှ တောင်သူ ၅၀ ကျော်ကို ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာလ ၁၀ ရက်က စတင်စစ်နေပြီး ရှစ်ဦးမှာ ကိုယ်တိုင်ခံဝန်ဖြင့် အာမခံရရှိခဲ့သည်ဟု စစ်ဆေးခံရသူ တောင်သူများကပြောသည်။

“မနေ့က ဆယ့်နှစ်ဦး ခေါ်တာ ရှစ်ဦးပဲသွားနိုင်တယ်။ တရားသူကြီးမကတော့ ပြေပြေလည်လည်ပါပဲ။ အာမခံပေးပြီး ပြန်လွှတ်လိုက်တယ်”ဟု ဘယ်လက်ကျေးရွာ ရာအိမ်စုမှူး ဦးကိုတင့်က ပြောသည်။

တိုင်တန်းချက်ကို ရွှေတောင်တရားရုံးတွင် ရာကြီးမှုအမှတ် ၂၃၈၄ ပုဒ်မ ၄၄၇ ဖြင့် မြို့နယ်တရားသူကြီး ဒေါ်ခင်စိုးညွှန့်က လက်ခံ စစ်ဆေးနေပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် လယ်သမား ၁၁ ဦး၊ ဒီဇင်ဘာလ ၁၅ ရက်တွင် လယ်သမား ၁၀ ဦးကို ထပ်မံစစ်ဆေးရန် တရားရုံးက သမာန်စာပို့ထားသည်။

ခလရ(၁၄)စစ်တပ်က စစ်တပ်ပိုင် လယ်ယာခြံမြေဧက (၃၈၅.၇၃) ဝင်ရောက် လုပ်ကိုင်သည်ဟု ဆိုကာ ရွှေတောင်မြို့နယ် နွားမယံ အုပ်စု ဘယ်လက်ကျေးရွာ၊ ပုတ်တန်းကျေးရွာ၊ ပရပိုက်တန်းကျေးရွာ တို့မှ ဒေသခံလယ်သမား ၅၄ ဦးကို ရွှေတောင်မြို့နယ် တရားရုံးတွင် တိုင်တန်းခဲ့သည်။

ခလရ (၁၄)စစ်တပ်က စစ်ပစ်ကွင်းဆောက်ရန်အတွက် ယင်းလယ်ယာမြေများကို ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်ထိ သိမ်းယူခဲ့သည်။ မူလတောင်သူများက စစ်တပ်ကို သီးစားခပေး လုပ်ကိုင်လာရာမှ ယခုနှစ်သီးစားခ မပေးတော့သဖြင့် စစ်တပ်က တရားဆွဲ ဆိုခြင်း ဖြစ်ကြောင်း တောင်သူဦးမြင့်စိုး (အငြိမ်းစားတရားသူကြီး)က ရှင်းပြသည်။

ယင်းမြေယာများအတွက် တောင်သူများထံတွင် အမည်ပေါက်ပြေစာများရှိပြီး စပါး၊ ပြောင်း၊ ပဲစေးငုံ၊ ပဲတီစိမ်း၊ ပဲဇောင်းယားသီး၊ ခရမ်းကြွပ်သီး စသည့် သီးနှံများကို နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်သည်။ မြေယာများသည် ခလရ (၁၄) စစ်တပ်နှင့် နှစ်မိုင်မှ လေးမိုင်ကျော် အကွာအဝေးတွင်ရှိပြီး စစ်တပ်နယ်မြေ အမှတ်အသား တစ်စုံတစ်ရာ စိုက်ထူထားခြင်း မရှိဟုလည်း တောင်သူများက ပြောသည်။