“၀န်ကြီးချုပ်က ညွှန်ကြားထားပေမယ့် အောက်ခြေက ဝန်ထမ်းတွေက လုပ်ချင်မှလုပ်တယ်”

“၀န်ကြီးချုပ်က ညွှန်ကြားထားပေမယ့် အောက်ခြေက ဝန်ထမ်းတွေက လုပ်ချင်မှလုပ်တယ်”
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းတဲ့အခါ တွေ့ကြံုရတဲ့ လွှတ်တော်တွင်း အတွေးအကြံုးတွေနဲ့ ပတ်သက်ပြီး သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ) ရဲ့ ပြည်နယ် လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ မူဆယ်မဲဆန္ဒနယ် အမှတ်(၁) မှ ဒေါ်နန်းငွေငွေ ၊ မိုင်းယောင်း မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နန်းမြမြလွင်နဲ့ သီပေါမဲဆန္ဒနယ် အမှတ်(၂) မှ ဦးစိုင်းစိန်ဝင်း တို့ကို သျှမ်းသံတော်ဆင့်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။ ။ လွှတ်တော်ကိုအဆိုတင်သွင်းတဲ့အခါ ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုမျိုး အဖြေတွေနဲ့  အကောင်အထည်ဖေါ်မှုတွေ ပေးခဲ့ပါသလဲ။

ဒေါ်နန်းငွေငွေ။  ။ လွှတ်တော်ကို အဆိုတင်သွင်းခဲ့တဲ့အပေါ် ပြည်နယ်အစိုးရဘက်က ကတိ ကဝတ်တွေ ရှိခဲ့ပါတယ်။၂၀၁၅-၂၀၁၆ ဘတ်ဂျတ်နှစ်မှာ အကုန်လုပ် ပေးမယ် လို့တော့ပြောတာပဲ ၀န်ကြီးချုပ်ခရီးစဉ်မှာပေးခဲ့တဲ့ ကတိကဝတ်တွေ၊ မြို့နယ် အသီး သီးကတင်လာတဲ့ လိုအပ်ချက်တွေ ၊၂၀၁၅-၂၀၁၆ မှာသုံးမယ့်ငွေပမာဏတွေချပြတယ်၊ လျာထားငွေတွေချပြတယ်၊ တစ်ချို့ ဌာနတွေက များလွန်းတယ် ၊ဥပမာ လျှပ်စစ် ၀န်ကြီးဌာနပေါ့။ နောက်ပြီးအချိန်က သိပ်နည်းတဲ့အတွက် ပြည့်စုံအောင် မဆွေးနွေးနိုင်ဘူး ၊ စာနဲ့တင်ပြခိုင်းတယ် သက်ဆိုင်ရာအစိုးရဝန်ကြီးတွေက။

Shan State meeting

မေး ။ ။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက အမတ်တွေအဆိုတင်သွင်းခြင်းအပေါ် ပြန်လည် မဖြေနိုင်တဲ့မေးခွန်း တွေရှိပါသလား။

 ဦးစိုင်းစိန်ဝင်း ။ ။ မဖြေနိုင်တာတော့မရှိပါဘူး ။ အမေးနဲ့အဖြေမတည့်တာတွေ ရှိတယ်။ အမေးတစ်ခြားအဖြေတစ်ခြား တွေရှိတယ်။

မေး။ ။ သျှမ်းပြည်နယ်အစိုးရအနေနဲ့ နယ်အလိုက်ဘတ်ဂျတ် ခွဲဝေတဲ့အပေါ်မှာ တန်းတူညီမျှမှု ရှိပါသလား။

ဦးစိုင်းစိန်ဝင်း။ ။ ဘတ်ဂျတ်တွေကျလာရင် ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအတွက် ဦးစားပေးတင်ကြတယ်။ အဲဒီဒေသတွေက ပိုရတယ်။ ဘတ်ဂျတ်ကိုပြည်နယ်အစိုးရကပဲတင်ပိုင်ခွင့် ရှိတာလေ။

မေး ။ ။ ဘာကြောင့် ဓနု နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအတွက် ဘတ်ဂျတ်ပိုရတယ် လို့ထင်သလဲ ။

ဒေါ်နန်းငွေငွေ ။ ။ ပအိုဝ်း ကလည်းဒီပြည်နယ်အစိုးရထဲမှာ သူတို့ဝန်ကြီးရှိတယ်၊ နောက် ဓနု ကလည်း ၀န်ကြီးချုပ်တစ်ယောက်လုံး ရှိနေတော့ လက်လှမ်းမှီတယ်လေ။ တအာန်း ကျတော့ဝေး တယ် သူ့မှာဝန်ကြီးချုပ်မရှိတော့လက်လှမ်းမမှီဘူး။ ကိုးကန့်၊ ‘၀’ ပလောင် ဒီသုံးခုက အလှမ်းဝေးကွာ တော့ ဘတ်ဂျက်တင်ပြီးမှ ဆွဲပြီးမှ သိရတဲ့အပိုင်းတွေရှိတယ်။ ဒေသဝေးကွာတယ် လမ်းပန်းဆက် သွယ်ရေး လည်းခက်ခဲတယ်။ ဒါကြောင့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသချင်းတူတာတောင် အခွင့်အရေး တွေ မတူ ဘူး။ သျှမ်းပြည်နယ်အစိုးရအဖွဲ့ကိုက ညီတူညီမျှပေးချင်တဲ့စိတ်မရှိဘူး ကိုယ့်ဒေသ ကိုယ့်လူမျိုး ကိုဘဲ တိုးတက် စေချင်တယ်။ တန်းတူညီမျှမှု မရှိဘူးပေါ့။

မေး ။ ။ သျှမ်းပြည်နယ်လွှတ်တော်ကြီးက အလုပ်ဖြစ်သလား။

ဒေါ်နန်းငွေငွေ။ ။ အလုပ်ဖြစ်သလားဆိုတော့ တင်ပြလာရင်ဖြေရှင်းပေးတယ်။ ဒါပေမဲ့ စိတ် ကြိုက်ဖြေရှင်းနည်းတော့မဟုတ်ခဲ့ဘူးပေါ့။ ၀န်ကြီးချုပ်က ညွှန်ကြားထားပေမယ့် အောက်ခြေက ဝန်ထမ်းတွေက လုပ်ချင်မှလုပ်တယ် ၊ အကြောင်းပြချက်အမျိုးမျိုး နဲ့ အောက်ခြေဝန်ထမ်းတွေ မပြောင်း လဲသေးဘူး ။

ဦးစိုင်းစိန်ဝင်း။    ။  အပြောင်းအလဲတစ်ခုတော့ဖြစ်တယ်။ ဒါပေမယ့် စိတ်တိုင်းကျ ပြောင်းလည်းတာမျိုးမဖြစ်သေးဘူး။

မေး ။ ။ ပြည်သူတွေနဲ့ ပုံမှန်တွေ့ဆုံဖြစ်ပါသလား။

ဒေါ်နန်းမြမြလွင်။    ။  လွှတ်တော်လာခါနီးရင်ကိုယ့်ရွာတွေကိုသွားပြီး ဘာတွေ တင်ပြ ဖို့ရှိသလည်း သွားမေးတယ်။ တော်တော်များ များမေးဖြစ်တာကတော့ ကျမတို့မိုင်းယောင်းမှာ လမ်းမကောင်းဘူးလေ အများဆုံးအဆိုတင်သွင်းဖြစ်တာ လမ်းပြင်ပေးဖို့ကိစ္စတွေ ပေါ့။

ဦးစိုင်းစိန်ဝင်း။    ။  ပြည်သူလူထုတွေ ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့တယ်၊ ဌာနဆိုင်ရာတွေက အထက်ကဖိထားတော့  သူတို့မပြောရဲတာ တွေ သူတို့ကိုယ်စားလွှတ်တော်မှာ ဆွေးနွေးပေးဖြစ်ပါတယ်။

မေး ။ ။ လွှတ်တော်အမတ်သက်တမ်းတစ်လျှောက်မှာ ပြည်နယ်အစိုးရတွေရဲ့ တုန့်ပြန်မှုတွေအပေါ် ကျေနပ်မှုရှိပါသလား။

ဦးစိုင်းစိန်ဝင်း။    ။ ကျေနပ်မှုရှိတဲ့အဖြေတွေထက် ကျေနပ်မှုမရှိတဲ့ အဖြေတွေကပိုများပါတယ်။

မေး ။ ။ သျှမ်းပြည်နယ်လွှတ်တော်နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ချင်ပါသေးလဲ။

ဦးစိုင်းစိန်ဝင်း။    ။   တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ဖယ်ဒရယ်ပြည်ထောင် စုကြီးစနစ်ဖြစ် လာမယ်ဆိုရင် ပိုပြီးတိုးတက်လာမယ်လို့ ထင်ပါတယ်။

ဒေါ်နန်းငွေငွေ။    ။ သျှမ်းပြည်နယ်လွှတ်တော် ပြည့်စုံဖို့ဆိုရင် ရက်သိပ်တိုလွန်းတယ် ။ဥပမာ ဘတ်ကျက်ဆိုပါတော့ယနေ့လွှတ်တော်စတယ်။ ယနေ့ဘတ်ဂျက်ရတယ်။ မနက်ဖြန် ဆွေးနွေး ခိုင်းပြီဆိုတော့ မဖြစ်နိုင်ဘူး။ အချိန်မလောက်ဘူး။ လွှတ်တော်မစခင် ကြိုတင်ဖြန့်ဝေပေးဖို့ လိုပါတယ်။ ကိုယ့်ဒေသတွေမှာအချိန်မှီကြည့် လာလို့ရအောင်ပေါ့။