၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့ပွဲ ကို တောင်ကြီးမြို့ ၌ ပြည်သူအားလုံးပါဝင်ကာ အကြီးကျယ်ဆုံးဖြစ်အောင် ကျင်းပသွားမည်ဟု တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္စျိမကို ပြောသည်။
"ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်၊ ဗိုလ်ချုပ်ရဲ့ လုပ်ဆောင်မှု တိုင်းပြည်အပေါ်မှာ ရှိခဲ့တဲ့ ကျေးဇူးတရားတွေ ကို နောင်လာနောက်သားတွေ သိရှိအောင်လို့ ဒီနှစ်တစ်ရာပြည့်ပွဲကို ခမ်းခမ်းနားနား ကျင်းပသွားမယ်” ဟု ဦးတင်မောင်တိုးက မဇ္စျိမကို ပြောသည်။
ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပသွားမည့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းအနားတွင် ဗိုလ်ချုပ် အထ္ထုပတ္တိ ဝေငှခြင်း၊ ဗိုလ်ချုပ်အကြောင်း ဟောပြောခြင်းနှင့် ဗိုလ်ချုပ်အား ရည်စူး၍ မိဘမဲ့ ကလေးငယ်များအား စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခြင်းတို့ကိုပါ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အလားတူ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်တောင်ပိုင်းရှိ သစ္စာပြတင်း လူမှုအနုပညာကွန်ရက် အဖွဲ့ဝင် ပန်းချီဆရာများကလည်း ဗိုလ်ချုပ်ပုံတူ ပန်းချီပြပွဲအား တောင်ကြီးတွင် သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ကလေးငယ်များ
ရေးဆွဲထားသည့် ဗိုလ်ချုပ်ပုံတူ ပန်းချီကားများပါ ပြသသွားမည်ဟု ရှမ်းပြည်တောင်ပိုင်းရှိ သစ္စာပြတင်း လူမှုအနုပညာကွန်ရက်အဖွဲ့မှတာဝန်ခံ ဦးဇော်မင်းထူးက မဇ္စျိမကို ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပေါင်းစည်းကာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ကြေးရုပ်အား အာဇာနည်ကျောက်တိုက်တွင် စိုက်ထူသွားမည်ဟု လားရှိုးမြို့ရှိ မေတ္တာပန်းခင်း လူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင် ဦးခိုင်က ပြောသည်။
ယခင်နှစ်များကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်ခြင်း၊ အခြားအောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲကို ရန်ကုန်၊ မန္တလေး၊ မကွေး အပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသအသီးသီး တွင် ခမ်းခမ်းနားနား ကျင်းပရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တက်ကြွလှုပ်ရှားသူများက စီစဉ်လျက် ရှိသည်။