ပွင့်လင်း မိတ်ဖက်နိုင်ငံများ အဖွဲ့သို့ ဝင်ခွင့်ရရေး အမြန်ဆုံး ဆောင်ရွက်ရန် နိုင်ငံရေးလေ့လာသူများ တိုက်တွန်း

ပွင့်လင်း မိတ်ဖက်နိုင်ငံများ အဖွဲ့သို့ ဝင်ခွင့်ရရေး အမြန်ဆုံး ဆောင်ရွက်ရန် နိုင်ငံရေးလေ့လာသူများ တိုက်တွန်း
by -
မဇ္စျိမ

 ပွင့်လင်း မိတ်ဖက်နိုင်ငံများအဖွဲ့ (OGP) အဖွဲ့သို့ မြန်မာနိုင်ငံ ဝင်ရောက်ခွင့်ရရေး အမြန်ဆုံးအကောင် အထည်ဖော်ရန် လိုသည်ဟု နိုင်ငံရေးလေ့လာသူများက တိုက်တွန်းသည်။

“ဦးသိန်းစိန်ကတော့ အဖွဲ့ဝင်ဖြစ်အောင် လုပ်သွားနိုင်တယ်။ အဓိကက သူတို့အချင်းချင်းကြားက ကိုယ်ကျိုး စီးပွား ပဋိပက္ခတွေကို ဒီလိုအဖွဲ့တွေက လုပ်နိုင်လိမ့်မယ်။ တစ်ခြားအဖွဲ့တွေက လုပ်နိုင်မှာမဟုတ်ဘူး” ဟု နိုင်ငံရေး ဘောဂဗေဒလေ့လာသူ ဦးသန်းစိုး (ဘောဂဗေဒ) က သုံးသပ်သည်။

OGP အဖွဲ့ဝင်နိုင်ငံများသည် အစိုးရအဖွဲ့၏ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု၊ ပြည်သူသို့ အစိုးရ သတင်းအချက်အလက်များ စီးဆင်းမှု၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှု၊ အစိုးရ၏ မူဝါဒချမှတ်ရေး၊ အုပ်ချုပ်ရေး ကိစ္စများတွင် ပြည်သူပါဝင် မှု မြှင့်တင်ရေး စသည့်အချက်များကို မဖြစ်မနေ အကောင်အထည်ဖော်ရသည်။

ယင်းတို့အပြင် ပြည်တွင်းငွေကြေး လဲလှယ်နှုန်း၊ ရာထူးဝင် စာမေးပွဲများတွင်ပင် ပွင့်လင်းမြင်သာအောင် ကျင်းပပြုလုပ်ပေးရန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပိုင်ဆိုင်မှုများကို ပွင့်လင်းမြင်သာစွာ ကြေညာခြင်းတို့ကို လည်းဆောင်ရွက်ရမည်ဖြစ်သည်။

Transparency International အဖွဲ့၏ ဒီဇင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာ့အကျင့် ပျက်ခြစားမှု အဆိုးဆုံးစာရင်းတွင် ၂၀၁၃ ၊ ၂၀၁၄ ခုနှစ် နှစ်နှစ်ဆက်တိုက် ပါဝင်သည်။

“OGP အဖွဲ့ဝင်ဖြစ်ရေး လုပ်နေတာက ၂၀၁၆ ခုနှစ် အတွက်လို့ ထင်တယ်။ အခုထိ ကော်မတီတော့ဖွဲ့ပြီး ဘာမှလုပ်တာလည်း မတွေ့ဘူး။ အစိုးရချည်းမဟုတ်ဘဲ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ပါ တွဲလုပ်သင့် တယ်”ဟု နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးကဆိုသည်။

အဖွဲ့ဝင်နိုင်ငံဖြစ်ရေးသည် လုပ်ငန်းဖော်ဆောင်မည့် ကော်မတီများအပေါ် တွင်များစွာတာဝန်ရှိပြီး လက်ရှိအခြေအနေအရ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ခက်ခဲနေဦးမည်ဟု ၎င်းက သုံးသပ်သည်။

ထို့ကြောင့် ၂၀၁၆ အမီ ဝင်ရောက် နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်သင့်သည်ဟု ဦးကျော်လင်းဦးက တိုက်တွန်းသည်။

OGP အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို နိုဝင်ဘာ ၁၁ရက်တွင် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပြီး ဖြစ် သည်။

ဗဟိုအဖွဲ့ကို သမ္မတရုံး အမှတ် (၃) ဝန်ကြီးဦးစိုးသိန်းက ဥက္ကဋ္ဌ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကံဇော်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ သမ္မတရုံး အမှတ် (၅) ဝန်ကြီး ဦးတင်နိုင်သိန်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသောင်းတင်တို့က အဖွဲ့ဝင်များ အဖြစ်ပါဝင်သည်။

လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ကိုမူ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဥက္ကဋ္ဌ ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ အခြားသော ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေး မှူးချုပ် ခြောက်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် တချို့ထံ ဆောင်ရွက်မှု အခြေအနေတို့ကို မဇိ်္စျမက တယ်လီ ဖုန်းဖြင့်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အစည်းအဝေးများ တက်ရောက်နေသည်ဟုသာ အကြောင်းပြန်သည်။

Most read this week