၁၂ ပွင့်ဆိုင် တွေ့ရန် တိုင်းလွှတ်တော် အတည်ပြု

၁၂ ပွင့်ဆိုင် တွေ့ရန် တိုင်းလွှတ်တော် အတည်ပြု
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ရဦး ပါဝင်သည့် ၁၂ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် ဒီဇင်ဘာလ ၁၀ရက်က အတည်ပြု လိုက်သည်။

အဆိုကို ထောက်ခံမဲ ၉၉မဲ ကန့်ကွက်မဲ ၉မဲဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းအဆိုကို ရန်ကုန်တိုင်း ကရင်တိုင်းရေးသားရေးရာဝန်ကြီးက ဒီဇင်ဘာ ၉ရက်က ရန်ကုန်တိုင်း လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းပြီး ယနေ့ လွှတ်တော်အမတ် ၁၄ယောက်က ဆွေးနွေးရာ အများစုက ထောက်ခံ ဆွေးနွေးခဲ့သည်။

အဆိုကို လျှို့ဝှက်မဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌက နာရီဝက် အချိန်ပေးထားသည်။ ယင်းသို့ လျှို့ဝှက်မဲစနစ်ကို ရန်ကုန်တိုင်းလွှတ်တော်တွင် ယခု ပထမဆုံးအကြိမ် ကျင့်သုံးခြင်းဖြစ်သည်။ ယခင်က ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းများကို ကိုယ်စား လှယ်များ မတ်တပ်ရပ်ကာ အဆိုပြုရခြင်းဖြစ်သည်။

သမ္မတ၊ ကာ/ချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရခိုင် အမျိုးသားပါတီမှ ဒေါက် တာအေးမောင် တို့က တွေ့ဆုံဆွေးနွေးကာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်တွင် နိုဝင်ဘာ ၂၅ရက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းအတည်ပြုချက်ကို ၆ပွင့်ဆိုင်အစား ၁၂ပွင့်ဆိုင် တွေ့ရန် တိုင်းလွှတ်တော်က ဆွေးနွေးနေခြင်းဖြစ်သည်။

Most read this week