ရှမ်းမြောက်် ကေအိုင်အေနယ်မြေအတွင်း မူးယစ်ဆေးဝါး သိန်း ၁၅၀၀ ကျော်ဖိုးဖျက်ဆီး

ရှမ်းမြောက်် ကေအိုင်အေနယ်မြေအတွင်း မူးယစ်ဆေးဝါး သိန်း ၁၅၀၀ ကျော်ဖိုးဖျက်ဆီး
by -
မဇ္စျိမ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တပ်မဟာ ၄ က ဦးဆောင်၍ ကျပ်သိန်း (၁၅၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဒီဇင်ဘာလ ၈ ရက်က ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု KIA တပ်မဟာ ၄ မှ ဗိုလ်ကြီး ဇော်လက မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ ကေအိုင်အိုက ဦးဆောင်ပြီး မနေ့က ၁၁ နာရီမှာ စတယ်။ ကေအိုင်အို တပ်မဟာ ၄ တာဝန်ရှိသူကလည်း ကေအိုင်အိုရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီတွေ ရှင်းပြတယ်။ ၁ နာရီမှာတော့ မူးယစ်ဆေးဝါးတွေ မီးရှုံ့တယ်” ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ကြီး ဇော်လက ပြောသည်။

Opium-KIA

ကွတ်ခိုင်မြို့နယ်ရှိ KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ ဒေသ ဟိုဘန်ကျေးရွာအနီး ဒီဇင်ဘာလ ၈ရက်က ဘိန်းမဲ ၃ ကီလို၊ ဘိန်းဖြူ ၄.၅ ကီလို၊ ရာဘဆေးပြား ၄၂၂၄ ပြား၊ ရာဘစျေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ဆေး ၈ ပိဿာ စုစုပေါင်း (၁၀၄,၈၁၀, ၀၀၀) အား မီးရှုံ့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး မူးယစ်ဆေး တိုက်ဖျက်ရေး ရှင်းလင်းဟောပြောပွဲများကို ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ KIA အဖွဲ့ဝင်များ၊ တအာင်းတပ်ဖွဲ့များ အပါအဝင် ဒေသခံရပ်မိရပ်ဖများ ၃၅၀ကျော် တက်ရောက်ခဲ့သည်ဟု KIA တပ်မဟာ ၄ တာဝန်ခံ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ၏ တာဝန်ခံ ဗိုလ်မှူးကြီး ကရားဇော်လီက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ၏ တပ်ရင်း ရ ဒေသ ကွတ်ခိုင်မြို့နယ် ဟိုဖျက် ကျေးရွာအနီးတွင် ပထမအကြိမ် မူးယစ်ဆေးဝါး ဘိန်းဖြူ ၂၆ ကီလို၊ ဘိန်းမဲ ၁၃ ပိဿာနှင့် ရာမ ဆေးပြား ၆ သောင်းကျော် စုစုပေါင်း ကာလတန်ဖိုး သိန်း (၂၀၀၀) ကျော်ကို မီးရှုံ့ဖျက်ဆီးခဲ့သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)က မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး စိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုများ အနည်းငယ် လျော့နည်းသည်ဟု ဆိုသော်လည်း တခြား မူယစ်ဆေးဝါး အမျိုးအစားများ ပြောင်းလဲ ထုတ်လုပ်မှုများ ရှိနေသည်ဟု ဗိုလ်ကြီး ဇော်လက မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ နေရာဘက်မှာ ဘိန်းစိုက်တာကတော့ လျှော့သွားတာက သေချာတယ်။ ဒါပေမဲ့ ဘိန်းမဲလျော့သွားတော့ ဘိန်းဖြူ ထုတ်လုပ် မှုတွေလည်း လျော့နည်းသွားတယ်။ အဲဒီအစား ရာမဆေးပြား ၂ ဆ၊ ၃ ဆတိုးလာတယ်။ မနေ့က ကျွန်တော်တို့ မီးရှုံ့တဲ့ထဲမှာတောင် မသိတဲ့ မူးယစ်ဆေး အမျိုးအစား ၂ မျိုးတွေ့ရတယ်။” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၃ ခုနှစ်က (၅၇,၈၀၀) ဟတ်တာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် (၅၇,၆၀၀) ရှိလာသဖြင့် ၂၀၀ ဟတ်တာ ကျဆင်းသွားသည်ဟု UNODC က ဒီဇင်ဘာလ ၈ ရက်က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ၂၀၁၃ ခုနှစ် ဘိန်းထုတ်လုပ်မှု တန်ချိန် ၈၇၀ ရှိရာမှ ၂၀၁၄ ခုနှစ်တွင်  ၆၇၀ တန်အထိ ကျဆင်းခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

Most read this week