စစ်ဦးစီးချုပ်တာဝန် အလှည့်ကျယူမည့် ဖက်ဒရယ် တပ်မတော် အစိုးရသဘောမတူ

စစ်ဦးစီးချုပ်တာဝန် အလှည့်ကျယူမည့် ဖက်ဒရယ် တပ်မတော် အစိုးရသဘောမတူ
by -
မဇ္စျိမ

တိုင်းရင်းသားတို့ အဆိုပြုချက်များတွင်ပါဝင်သည့် စစ်ဦးစီးချုပ် တာဝန် အလှည့်ကျယူမည့် ဖက်ဒရယ် တပ်မတော်ကို အစိုးရဘက်က သဘောမတူကြောင်း သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒီဇင်ဘာလ ၈ ရက်တွင် မဇ္စျိမကိုပြောသည်။

၎င်းက "သမ္မတတို့ ကာချုပ်တို့ပြောတာက ပြည်ထောင်စုဆိုတာ တိုင်းရင်းသား အားလုံးပါဝင်တဲ့၊ ဘာသာ၊ လူမျိုးမခွဲခြားတဲ့ ဖက်ဒရယ် တပ်မတော် ဖြစ်ရမယ်လို့ ပြောတာပါ အချုပ်အခြာ အာဏာကို စင်ပြိုင်အဖြစ် အလှည့်ကျ စစ်ဦးစီးချုပ်ဆိုတာကို သဘောမတူတာပါ" ဟု ဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင်ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဟူသည့် သဘောတူညီချက်ကို တိုင်းရင်းသားတို့နှင့် အစိုးရအကြား သဘောတူညီမှုရရှိထားပြီဟု ဒီဇင်ဘာလအတွင်း သမ္မတ၏ ရေဒီယိုမိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ ငြင်းဆိုလိုက်ခြင်းနှင့် ပတ်သက်ပြီး ဖက်ဒရယ် တပ်ပေါင်းစုအကြံပေး၊ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက "အလှည့်ကျဆိုတာက အနာဂတ်အတွက် စဉ်းစားချက်တစ်ခုပဲ။ ဒါကိုလည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမှာ၊ အခုဟာက သတ်မှတ်ချက် မဟုတ်သေးတာကို မဆွေးနွေးချင်လို့ ပိတ်ပင်နေသလို ဖြစ်နေတယ်၊ တားဆီးချင်သလို ကြိုပြီး ကန့်ကွက်သလို ဖြစ်နေတယ်" ဟု မဇ္စျိမကို ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေး မူဝါဒများကို လက်မခံနိုင်ကြောင်း နိုဝင်ဘာလ ၂၉ ရက်က ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူဆေးဖိုး အပါအဝင် ဗဟိုကော် အလုပ်မှုဆောင်တို့နှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ယင်းအပြင် လက်ရှိမြန်မာ့တပ်မတော်သည်လည်း တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်းပြီးကာ တိုင်းရင်းသား အရာရှိဦးရေ ၄၅၀၀ အထိရှိရှိနေပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအဆင့်ထိ ရှိသည်ဟု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီအိုအေ၏ အင်တာဗျူးတွင် ဖြေကြားထားသည်။

ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းနိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်များအပြင် အခြားတိုင်းရင်းသား အဖွဲ့များ၏ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးအပေါ် အကြံပြုချက် အမျိုးမျိုးတို့ကို (Floating Idea - မျောလွင့်နေသည့် စိတ်ကူးစိတ်သန်း) များ အဖြင့်သာ ထားရှိသည်ဟုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အစိုးရက ဖက်ဒရယ် တပ်မတော်မှ အကြောင်းအရာအပေါ် မူတည် ကန့်ကွက်နေခြင်းအပေါ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက "အဲလို ကြိုတင်ကန့်ကွက်နေကတည်းက အစိုးရရဲ့ အနာဂတ် ငြိမ်းချမ်းရေးက ဝေဝါးနေတာရယ်။ အခုအာဏာ ရရှိထားတဲ့ အနေအထားကို အပွန်းအပဲ့မခံခင်တာ၊ ၂၀၀၈ဖွဲ့စည်းပုံ အရယူထားတဲ့ အာဏာတွေကို မပွန်းပဲ့ စေချင်တာကို မြင်နေရတယ်"ဟု သုံးသပ်သည်။

ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့နှင့် ပမာဏအဆင့် အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်ရရှိထားပြီး တစ်နိုင်ငံလုံးအပစ်ရပ်ရေး စာချုပ်လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေသည်။ အပစ်ရပ်စာချုပ်ပါ အချက်များမှ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးအပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားတို့အကြား သဘောထား ကွဲလွဲနေသည်။

Most read this week