ရန်ကုန်တက္ကသိုလ် မာလာဆောင်နှင့် သီရိဆောင်တို့ကို ဒီဇင်ဘာလ ၈ ရက်က ကျောင်းသူများ ပြန်လည်နေ ထိုင်နိုင်ရန် ဖွင့်လှစ်လိုက်ပြီဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက ပြောသည်။
ဒေါက်တာအောင်သူက ဒီဇင်ဘာ ၈ ရက်က ရန်ကုန်တက္ကသိုလ် သီရိဆောင်ဖွင့်ပွဲ အခမ်းအနားတွင် မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ် သီရိဆောင်နှင့် စီးပွားရေး တက္ကသိုလ်ရှိ မာလာဆောင်များ အကြီးစားပြင်ဆင်မှု ပြီးစီးသည့်အတွက် ဒီဇင်ဘာလ ၈ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ဒေါက်တာအောင်သူက “လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲက အဆောင်တွေမှာ ကျောင်းသားဦးရေနဲ့ အခန်း မလုံလောက်တာပဲ ဖြစ်ပါ တယ်။ ကျောင်းမှာက ကျောင်းသူက ပိုများတော့ ကျောင်းသူအဆောင်တွေ အရင်ပြင်နိုင်အောင် ကြိုးစားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။
မာလာဆောင်ကို ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ကျောင်း သူများသာ နေထိုင်ခဲ့သည့် အဆောင်ဖြစ်သည်။ မာလာဆောင်တွင် အထင်ကရ ကျောင်းသူဟောင်း များဖြစ်သည့် ပုသိမ် လှလှသီ (၁၉၅၅-၅၉)၊ စာရေးဆရာမ ရွှေကူမေနှင်း (၁၉၆ဝ-၁၉၆၁) တို့ နေထိုင်ခဲ့ဖူးကြသည်။
စီးပွားရေးတက္ကသိုလ် မာလာဆောင်တွင် လေးနှစ်တာ နေထိုင်ခဲ့ဖူးသည့် ဒေါ်သိင်္ဂီထွန်းက “အန်တီတို့တုန်းက တက္ကသိုလ်တွေက ပညာရေး ဝန်ကြီးဌာနအောက်မှာပဲ ရှိသေးတော့ အားလုံးက တစ်စုတစ်ဝေး ထဲ မေဂျာစုံ နေ ထိုင်ခွင့်ရတယ်။ နောက်ပိုင်း အရေးခင်းဖြစ်တဲ့ နိုဝင်ဘာ ၈ ရက်ကစပြီး အဆောင်တွေပိတ်ခဲ့တာ ဒီနေ့အထိပါပဲ။ အဲဒီတုန်းက အဆောင်နဲ့ ကျောင်းနဲ့က နီးတော့ သွားလိုက်ပြန်လိုက်နဲ့ တကယ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်"ဟု ပြောသည်။
၁၉၆၂ခုနှစ် အရေးခင်းမဖြစ်ခင် ကာလအထိ သီရိအဆောင်တွင် နေထိုင်ခဲ့သည့် အငြိမ်းစားပါမောက္ခ ဒေါက် တာ အေးအေးက “သီရိအဆောင်ရဲ့ ထူးခြားချက်က အခြားအဆောင်တွေနဲ့ မတူပါဘူး။ ဒီအဆောင်မှာက တိုင်းရင်းသားပေါင်းစုံ ထားတဲ့အဆောင်ဖြစ်တယ်။ အခြားအဆောင်လို တိုင်းရင်းသားမျိုးနွယ်စု မခွဲခြားထားဘူး။ တိုင်းရင်းသားပေါင်းစုံ နေထိုင်ရတော့ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရစေပါတယ်။ အခုဖွင့်တဲ့ အခါမှာလည်း တိုင်းရင်းသားမျိုးစုံ မခွဲခြားဘဲ ထားစေချင်တယ်" ဟု ပြောသည်။
အကြီးစားပြင်ဆင်ပြီး ဒီဇင်ဘာလ ၈ရက်က ပြန်လည်ဖွင့်လှစ်လိုက်သည့် မာလာဆောင်နှင့် သီရိဆောင်တို့ တွင် ရေ၊ လျှပ်စစ်၊ သံကုတင်၊ အဝတ်ဗီရို၊ အဝတ်လျှော်စက်၊ စာကြည့်ခန်းများပါရှိပြီး ကျောင်းသူ နှစ်ဦး တစ်ခန်း ထားရှိမည် ဖြစ်သည်။
လက်ရှိ သီရိအဆောင်တွင် ကျောင်းသူပေါင်း ၁၃၂ ဦးရှိပြီး ဒီဇင်ဘာလမှ စ၍ ဝိဇ္ဖာသိပ္ပံဘာသာပေါင်းစုံမှ ဒုတိယနှစ် မဟာကျောင်းသူ ၂၂ ဦး၊ ပထမနှစ်မဟာကျောင်းသူ ၂၅ ဦး၊ ပါရဂူကြိုကျောင်းသူ ၅ ဦး၊ ပထမနှစ် ကျောင်းသူ ၄၃ ဦး၊ မြန်မာစာဘာသာရပ် လေ့လာနေသော တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ကျောင်းသူ ၃၇ ဦး၊ ဂျပန်နိုင်ငံမှ ကျောင်းသူ ၂ ဦးတို့ နေထိုင်လျှက်ရှိသည်။
ရန်ကုန်တက္ကသိုလ်တွင် အမျိုးသားဆောင် သုံးဆောင်နှင့် အမျိုးသမီးဆောင် ရှစ်ဆောင် ဖွင့်လှစ်ထားပြီး ကျောင်း သူ တစ်ဦးအတွက် စားစရိတ်အပါအဝင် အဆောင်ကြေးအဖြစ် တစ်လလျှင် ကျပ် ၃,၅၀၀၀ ကျော် ပေးရသည်။
အဆိုပါအဆောင်ကို စက်တင်ဘာလလည်မှ နိုဝင်ဘာလလည်ထိ နှစ်လခန့် ပြန်လည်မွမ်းမံခဲ့ပြီး စာသင်ခန်းများ၊ အဆောင်များ ပြုပြင်ခြင်းကို ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ကုန်ကျစရိတ် စုစုပေါင်း ကျပ် ၆၇၁၄၄ ဒသမ ၁၇ သိန်း ကုန်ကျခဲ့သည်ဟု ဒေါက်တာ အောင်သူထံမှ သိရသည်။