လွတ်လပ်ရေး ကျောက်တိုင်နေရာကို ဟစ်တိုင်အဖြစ် သတ်မှတ်ပေးရန် အစိုးရတွင် တာဝန်ရှိဟု ဦးတင်ဦးပြော

လွတ်လပ်ရေး ကျောက်တိုင်နေရာကို ဟစ်တိုင်အဖြစ် သတ်မှတ်ပေးရန် အစိုးရတွင် တာဝန်ရှိဟု ဦးတင်ဦးပြော
by -
မဇ္စျိမ

ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံ အတွင်းရှိ လွတ်လပ်ရေးကျောက်တိုင် အဝန်းအဝိုင်းနေရာကို ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ သဘောထားများအား လွတ်လပ်စွာပြောဆိုခွင့်ရှိသည့် ဟစ်တိုင်အဖြစ် သတ်မှတ်ပေးရန် အစိုးရနှင့် လွှတ်တော်တွင် တာဝန်ရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးက မဇ္စျိမကို ပြောသည်။

ဒီဇင်ဘာ ၈ ရက်တွင် ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ ပြုလုပ်သည့် ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အကြိုပွဲတွင် ဦးတင်ဦးက မဇ္စျိမ၏ မေးမြန်းမှု ကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Bandula-Park

လွတ်လပ်ရေး ကျောက်တိုင်တွင် ရေးထိုးထားသည့် သဓိန္ဓာန် ၉ ချက်တွင် မြန်မာနိုင်ငံသားများ၏ လွတ်လပ်သော ရပိုင်ခွင့်၊ အခွင့်အရေးများကို ဦးတည်ပြီး ရေးထားသည့်အတွက် တစ်ပြည်လုံး အတိုင်းအတာ တိုင်းရင်းသားအားလုံး ခံစားစေချင်သည်ဟု ဦးတင်ဦးက ပြောသည်။

ဦးတင်ဦးက "ပါလီမန် ဒီမိုကရေစီခေတ်တုန်းက ဦးနုတို့ စီမံခဲ့တာရှိတယ်။ ဒီအဝန်းအဝိုင်းထဲမှာ လာပြီးတော့ ပြည်သူပြည်သားဟာ မိမိတို့ရဲ့လိုအပ်ချက်၊ တောင်းဆိုချက်ကို လွတ်လပ်စွာပြောခွင့်ဆိုခွင့် ဟစ်တိုင်သဘောနဲ့ ခွင့်ပြုထားတယ်ဆိုတာ ရှိခဲ့ဖူးတယ်။ အဲ့ဒီ အခွင့်အရေး ရပါရစေ။ လုပ်ချင်တာကို လုပ်ခွင့်မှ မရဘဲနဲ့ တန်းစီတာတောင် ခွင့်ပြုချက်တင်နေရတာ၊ ဒီထဲမှာပြောတာတွေသည် လွတ်လွတ်လပ်လပ် ပြော ခွင့်ရှိပါစေ။ အပြင်ထွက်အော်တာတွေ လျော့သွားမယ်" ဟု ပြောသည်။

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအခမ်းအနား များ နှင့် ပြည်သူတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်များကို လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ထုတ်ဖော်ခွင့် ရရှိရန် လွှတ်တော်က တင်ပြပေးရန်နှင့် အစိုးရတွင်လည်း  တာဝန်ရှိသည်ဟု NLD နာယက ဦးတင်ဦးက ပြောသည်။

၎င်းက "ဒီလိုနေရာထဲမှာ ဘေးအန္တရာယ် မရှိဘဲ ပြောခွင့်ရအောင် လွှတ်တော်မှာ ပြောဆိုပေးပါ။ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့သဘောထားတွေ ထုတ်ဖော်ဖို့ ဟစ်တိုင်နေရာအဖြစ် သတ်မှတ်ပေးပါ။ အစိုးရကတာဝန်ရှိတယ်။ ရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူ့ရဲများပီပီ၊ ပြည်သူ့ရဲဘဝကို ခံယူပြီး အိုးအိမ်၊ ယဉ်ကျေးမှုတွေ တစ်စုံတစ်ခုကို အန္တရာယ်ပြုခြင်း၊ အနှောင့်အယှက်ပြုခြင်းမရှိဘဲ အေးအေးချမ်း ငြိမ်းချမ်းပြောခွင့် ဟစ်ခွင့်

အော်ခွင့် အကောင်အထည်ဖော်ပေးပါ။ အေးချမ်းငြိမ်းချမ်းစွာ လုပ်နိုင်ဖို့အတွက် ဒီမိုကရေစီ အစဉ်အလာအရ ရဲတပ်ဖွဲ့ဝင်တွေက အကာအကွယ် ပေးပါ "ဟုပြောသည်။

ဒီဇင်ဘာ ၈ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များသည် လွတ်လပ်ရေး ကျောက်တိုင် ရှိနေသည့် မဟာဗန္ဓုလပန်းခြံအတွင်းသို့ ဝင်ရောက်ခြင်းမပြုဘဲ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထမ်းအမှတ်အဖြစ် တေးသီချင်းဖြင့် ဂုဏ်ပြုခဲ့သည်။  ယင်းအပြင် ဘဝအလင်းပညာဒါန၊ ကြည့်မြင်တိုင် အမျိုးသား ဒီမိုကရေစီ ပါတီဝင်များ၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ပါတီဝင်များက ကြည်မြင်တိုင် ဗားကရာလမ်းမှ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက် ဂုဏ်ပြုခဲ့သေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ရ ရက်ကလည်း ရန်ကုန် အနောက်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်ပြီး ပန်းရဲ့လမ်း အဖွဲ့ ပါဝင်ကာ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ဂုဏ်ပြုအလေးပြုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် နေအိမ်တွင်လည်း ဂုဏ်ပြုသီဆိုမှုများ ပြုလုပ်ခဲ့သေးသည်။