အမျိုးသား ပညာရေး ဥပဒေတွင် ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံး စရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပေးအပ်ရန် အတိအလင်းဖော်ပြရမည်ဟု ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင် ရာကွန်ရက် NNER ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင်က မဇ္စျိမကို ပြောသည်။
“အသုံးစရိတ်ကအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း ပညာရေးအသုံးစရိတ်ဖြစ်ရမယ်။ နိုင်ငံတကာ သုံးစွဲနေတဲ့ ရာ ခိုင်နှုန်းထက်ဝက်တောင် မမီတာ ပညာရေး ဘယ်လိုလုပ် ဖွံ့ဖြိုးတော့မှာလဲ။ တိုင်းပြည်ရဲ့ ဝင်ငွေနည်းလို့ ၂၀ ရာခိုင်နှုန်းဟာ ဘာမှပြောပလောက် စရာမရှိပါဘူး” ဟု ၎င်းက ပြောသည်။
ဒေါက်တာသိန်းလွင်က “အမျိုးသား ပညာရေး ဥပဒေအပေါ်သုံးသပ်ချက်” စာတမ်းကိုလည်း ဒီဇင်ဘာလ ၅ ရက်က နာရေးကူညီမှု အသင်း (ရန်ကုန်) တွင် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျင်းပပြုလုပ်သော ပညာရေး ပြုုပြင်ပြောင်းလဲမှုနှင့် အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတွင် တင်သွင်းဖတ်ကြားခဲ့သူ လည်းဖြစ်သည်။
အဆိုပါ ဥပဒေ၏ ပညာရေးဆိုင်ရာ အသုံးစရိတ်တွင် နိုင်ငံ၏စုစုပေါင်း ပြည်တွင်းအသား တင်ကုန်ထုတ် လုပ်မှု တန်ဖိုး GDP ၏ လေးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်းအထိ လည်းကောင်း၊ ထိုသို့မဟုတ် တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်း အထိလည်းကောင်း ပညာရေးအသုံးစရိတ်အဖြစ် အတိ အလင်းဖော်ပြ ရမည်ဟူ၍ လည်းကောင်း၊ ကိုယ်ထူကိုယ်ထ ကျောင်းများထူထောင်နိုင်ရန် ငွေကြေးဆိုင် ရာ မူဝါဒများ တရားဝင်သတ်မှတ်ပေးရန်၊ ဌာနအလိုက် ပညာရေးရန်ပုံငွေ ထူထောင်ခွင့်ပေးရန် ပညာရေး ဆိုင်ရာအဖွဲ့အစည်း အသီးသီးက တိုတ်ရိုက်ဘဏ္ဍာငွေရယူခွင့်ရှိသော မူဝါဒများချမှတ်ပေးရန် လိုအပ်သည် ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအာကာ မိုးသူက “ပညာရေးအသုံး စရိတ်ကတခြား အသုံးစရိတ်တွေ ထက်စာရင် အနည်းဆုံးပါပဲ။ အဓိကကျောင်းတွေကို ဘဏ္ဍာရေး အရ လွတ်လပ်ခွင့်ပေးဖို့လိုပါတယ်။ လွတ်လပ်ခွင့်မပေးတဲ့အပြင် ပညာရေးအသုံး စရိတ်ပါ ချုပ်ကိုင်မှုတွေ မလုပ် သင့်ပါဘူး” ဟု ပြောသည်။
စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ)က “ပညာရေး အသုံးစရိတ် လက်ရှိထက် ပိုသုံးစွဲသင့်တယ်။ တစ်နိုင်ငံချင်းစီက အသုံးစရိတ် မတူပေမယ့် သုံးစွဲတဲ့အပိုင်းမှာ ပိုပြီးထိရောက်တဲ့ စနစ်မျိုးနဲ့သွားသင့်တယ်” ဟု ပြောသည်။
ပညာရေးအသုံးစရိတ်များကို မလေးရှားနိုင်ငံတွင် ၂၀၁၂-၁၃ခုနှစ် ပညာသင်နှစ်တွင် ၂၀ ဒသမ ၉ ရာခိုင် နှုန်း၊ ထိုင်ဝမ် နိုင်ငံတွင် ၉ ဒသမ ၁ ရာခိုင်နှုန်း၊ ဘရူနိုုင်း နိုင်ငံတွင် ၉ ဒသမ ရရာခိုင်နှုန်း၊ ဗီယက် နမ်နိုင်ငံတွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံတွင် ၁၁ ဒသမ ၅ရာခိုင်နှုန်း၊ စင်ကာ ပူနိုင်ငံတွင် ၁၃ ဒသမ ၂ ရာခိုင်နှုန်း အသီး သီးသုံးစွဲခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေး အသုံးစရိတ်မှာ ၂၀၁၂-၁၃တွင် ၄ ဒသမ ၉၁ ရာခိုင်နှုန်း၊ ၂၀၁၃-၁၄တွင် ၅ ဒသ မ ၄၃ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅တွင် ၅ သမ ၉၂ ရာခိုင်နှုန်း အသီးသီးသုံးစွဲခဲ့သည်။