မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် နှစ်ဆယ်ရာခိုင်နှုန်း စိတ်ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရဟုဆို

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် နှစ်ဆယ်ရာခိုင်နှုန်း စိတ်ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရဟုဆို
by -
မဇ္စျိမ

 မြန်မာနိုင်ငံရှိ ဆယ်ကျော်သက် လူငယ်များ၏ ၂၀ ရာခိုင်နှုန်းသည် နှစ်စဉ် စိတ်ကျန်းမာရေး ပြဿနာများဖြင့် ရင်ဆိုင်နေရသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောသည်။

ဒု-၀န်ကြီးက “စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး နှစ်စဉ် ဆယ်ကျော်သက်များရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ စိတ်ကျန်းမာရေး ပြဿနာများနဲ့ ရင်ဆိုင်နေရတယ်လို့ ခန့်မှန်းရပါတယ်။ အဖြစ်များတဲ့ ရောဂါတွေကတော့ စိတ် ကျဝေဒနာနဲ့ အခြားသော စိတ်ခံစားမှု ပြဿနာ များပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

Teen

နေပြည်တော် မြတ်နန်းယုံ ဟိုတယ်တွင် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်က ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်း များကို လူငယ်အချင်းချင်း ဆက်သွယ်ကာ ပညာပေးဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေး ပိုမိုတိုးတက်စေ ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ ပူးပေါင်းပြီးပြုလုပ်သည့် သင်တန်း တွင် ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါစိတ်ကျန်းမာရေး ပြဿနာ များသည် အဓိကအားဖြင့် ကျန်းမာရေးဌာန အဆင့်ဆင့်များတွင် လူငယ်များ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပြည့်စုံသည့်နည်းပညာများမရှိခြင်း၊ ဆေးဝါးပစ္စည်းများ မရှိခြင်း၊ လူငယ်များ သွားလာရ လွယ်ကူသော နေရာများမရှိခြင်း၊ လူငယ်များ လာ ရောက်နိုင်သောနေရာ များတွင် ကျန်းမာရေးဌာနများ မရှိခြင်းနှင့် နွေးထွေးစွာကြိဆို၍ လုံခြံုစွာ သတင်းလျှို့ဝှက် ထိန်းသိမ်းပေးမှုအား နည်းနေခြင်းများကြောင့် ဖြစ်သည်ဟုဆိုသည်။

ယင်းအပြင် လူငယ်များတွင် ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတ နည်းပါးခြင်း၊ ပြည်သူလူထုက လူငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ၀ုိင်းဝန်းကူညီ ပံ့ပိုးမှု အားနည်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လူငယ်များလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးခြင်းနှင့် လူငယ်များကို ထိရောက်စွာ ပြောဆို ဆက်ဆံရာတွင် လေးစားမှု အလေးအနက် ထားမှုနည်းပါး ခြင်းမျာကြောင့်လည်း ယင်းသို့ဖြစ်ရသည်ဟု ဒု-၀န်ကြီးက ပြောသည်။

ဆယ်ကျော်သက် လူငယ်လူရွယ် ကျန်းမာရေးဖွံ့ဖြိုးမှုအစီအစဉ်များသည် ကျန်းမာရေး စောင့်ရှောက်မှု စီမံ ကိန်းများ၊ ဆက်စပ်လျက်ရှိသည့် ၀န်ကြီးဌာနများ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့ အစည်းများနှင့်လည်း ချိတ်ဆက်ဆောင် ရွက်ရန်လိုသည်ဟု ၎င်းကပြောသည်။

ဆယ်ကျော်သက်မိခင်များတွင် အသေမွေးနှင့် မွေးကင်းစကလေး သေဆုံးခြင်း ၅၀ ရာခိုင်နှုန်းဖြစ်နေယင်း အပြင် မြန်မာနိုင်ငံ၏ ဆယ်ကျော်သက်အရွယ်မိခင်များတွင် ကလေးအသေမွေးဖွားခြင်းနှင့် မွေးကင်းစ ကလေး သေဆုံးခြင်းသည် ၅၀ ရာခိုင် နှုန်းအထိရှိသည်ဟု ဒု-၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး က ပြောသည်။ ယင်းကဲ့သို့ မွေးဖွားခြင်းမှာ ဆယ်ကျော်သက်အရွယ် မိခင်များသည် အသက် ၂၀-၂၉ နှစ်အရွယ် ရှိ မိခင်များ ထက် ပိုမိုများပြားနေခြင်း ကြောင့်ဖြစ်သည်။

ဒု-၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးက “ဆယ်ကျော်သက်အရွယ်မိခင်များတွင် အလိုအလျောက်သား ပျက်၊ မွေးကင်းစကလေးများ လမစေ့ခြင်း၊ ပေါင်မပြည့်ခြင်းနှင့် သန္ဓေသားဘဝတွင် ဖွ့ံဖြိုးမှုနှေးကွေးစေခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရခြင်းပိုမို များပြားပါတယ်”ဟု ပြောသည်။

၂၀၁၂ ခုနှစ် ကျန်းမာရေး သတင်းစနစ်အစီရင်ခံစာအရ ကိုယ်ဝန်ဆောင် မိခင်စုစုပေါင်း ၁၇ ရာခိုင်နှုန်း သည် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များ ဖြစ်ပြီး အသက် ၁၅ နှစ်မှ ၂၄ နှစ် အတွင်း အမျိုးသမီးငယ်များ၏ ၂၆ ရာခိုင်နှုန်းက သွေးအားနည်းသည် ကို တွေ့ရှိရသည်ဟု ဒု-၀န်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ အသက် ၂၄ နှစ်အတွင်း လူငယ်လူရွယ် စုစုပေါင်း ၁၅ သန်းခန့် အထိရှိပြီး ဆယ်ကျော်သက်ဆိုသည်မှာ အသက် ၁၁ နှစ်မှ ၁၉ နှစ်အတွင်း ရှိသူများကို ဆိုလိုခြင်းဖြစ် သည်။ ယင်းအပြင် လူငယ်ထုများအကြားတွင် အရက်သေစာ သောက်သုံး မှုနှုန်းများကို ခန့်မှန်းတွက်ချက်နိုင်သည့် အချက်အလက် မရှိသော်လည်း မြို့ပေါ် နှင့် ကျေးရွာများတွင် အလွယ်တကူ ရရှိနိုင်ခြင်းကြောင့် သောက် သုံးမှုများ ပိုမိုများပြားလျက် ရှိသည်ဟု ဆိုသည်။