ထိုင်းနိုင်ငံတွင် ကချင် မနောပွဲတော် ကျင်းပ

ထိုင်းနိုင်ငံတွင် ကချင် မနောပွဲတော် ကျင်းပ
by -
ကေအဲန်ဂျီ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းသောင်းမြို့နယ် ဘန်းမိုင် ဆာမခီကျေးရွာရှိ ကချင်တိုင်းရင်းသားများ၏ ၆ ကြိမ်မြောက် Wunli Hkridip ကချင်မနောပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီတွင် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ ၈၇ နှစ်ပြည့် ဂုဏ်ပြုသော အခမ်းအနားကို ထိုင်းအစိုးရ အရာရှိတစ်ဦးက ဦးဆောင်၍ ပြုလုပ်ခဲ့ပြီးကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ်လရော်က မနောပွဲ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

Kachin-Manau-festival-in-Ban-Mai-Thailand

“ဒီမနက် ၉ နာရီကနေ ထိုင်းစစ်တပ်က အရာရှိတဦး ဦးဆောင်ပြီး ထိုင်းဘုရင်မွေးနေ့ကို ဂုဏ်ပြုအခမ်းအနား လုပ်တယ်။ မနောပွဲကိုတော့ ဆွတ်ဒူဘောမ်ဝမ်လရော်ကနေ ဖွင့်လှစ်ပြီး မနော ကကြပါတယ်၊ ၁၂ နာရီကျော်မှာ ပြီးပါတယ်" ဟု မနောပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ဦးခေါင်ဟောင်း က ပြောသည်။

မနောပွဲအခမ်းအနားသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကချင် အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ် လရော်နှင့် ဒုဥက္ကဌ ဦးအင်ဆန်တူးအောင် တို့လည်း တက်ရောက်ခဲ့သည်။

ထို့ပြင် ထိုင်းအစိုးရ အထူးစစ်တပ်ဖွဲ့မှ ဖျော်ဖြေရေးအဖွဲ့များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီ၊ ရင်ကျန်း၊ မန်ရှီ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်၊ စင်္ကပူ၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်တို့မှ ကချင်တိုင်းရင်းသား စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

၂၀၀၂ ခုနှစ်မှစတင်၍ ထိုင်းဘုရင် ဘူမိဘော၏ မွေးနေ့အားဂုဏ်ပြုသောအားဖြင့် ကချင်တိုင်းရင်းသားများက ၂ နှစ်လျှင်တစ်ကြိမ် ကချင်မနောပွဲကို ကျင်းပခဲ့ရာ ယခုနှစ်တွင် ၆ ကြိမ်မြောက် မနောပွဲ ကျင်းပခြင်း ဖြစ်သည်။

အဓိကအားဖြင့် ထိုင်းဘုရင် ဘူမိဘောအသက်ရှည် ကျန်းမာစေရန်၊ ထိုင်းနိုင်ငံရေး တည်ငြိမ်အေးချမ်းစေရန်၊ ရပ်ဝေးမြေ ရောက်ရှိနေသော ကချင်တိုင်းရင်းသားများဆုံဆည်းခြင်း၊ ကချင်ရိုးရာ ယဉ်ကျေးမှုကို တခြားနိုင်ငံတကာက သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ဦးခေါင်ဟောင်း က ပြောသည်။

ယနေ့တွင် Wunli Hkridip မနောပွဲသို့ လူပေါင်း ၁၀၀၀ ကျော် တက်ရောက်လာပြီး လူပေါင်း ရ၀၀ ခန့်သည် နှစ်နာရီကျော်ကြာ ကချင်မနောပွဲ ကပြခဲ့ကြသည်ဟု သူက ဆိုသည်။

လာမည့် ဒီဇင်ဘာလ ရ ရက်တွင်မူ မနောပွဲတက်ရောက်လာသူများက မိမိတို့ တိုင်းပြည် ငြိမ်းချမ်းလာစေရန်၊ ကျဆုံးသွားသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲဘော်များ၊ ရှေ့တန်းတွင် ရောက်နေသည့် ရဲဘော်များအတွက် ဆုတောင်းပွဲလည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ကချင်မနောပွဲကို ကျင်းပနေသော်လည်း မြန်မာပြည်တွင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် ထပ်တူခံစားရသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ်အစိုးရက ၆၇ ကြိမ်မြောက် ကချင်မနောပွဲ ကျင်းပရန် စီစဉ်နေမှုကိုလည်းပြည်တွင်း အခြေအနေတည်ငြိမ်ခြင်း မရှိသေးသဖြင့် မနောပွဲ ကျင်းပခြင်းကို ကချင်လူထုက ကန့်ကွက်ခဲ့မှုကိုလည်း ထိုင်းနိုင်ငံရောက် ကချင်လူထုကလည်း ကန့်ကွက်ကြောင်း ဦးခေါင်ဟောင်း က ပြောသည်။

“ကျနော်တို့ ကချင်တွေ ကိုယ်တိုင် ဦးဆောင်ပြီးလုပ်မယ်ဆိုရင်တော့ လုပ်ဖို့ အားပေးတယ်။ နိုင်ငံတကာ မှာ ရောက်နေတဲ့ ကျနော်တို့လည်း သွားတက်မယ်။ ဒါပေမဲ ့သူများတွေ ပိုက်ဆံပေးပြီး လုပ်ခိုင်းမယ်ဆိုရင်တော့ တန်ဖိုးကြီးတဲ့ ကျနော်တို့ ရိုးရာကို ငွေနဲ့ ဝယ်မရဘူး။ ဒီလို ပိုက်ဆံပေးပြီး လုပ်မယ်ဆိုရင်တော့ အားမပေးဘူး” ဟု သူက ပြောသည်။

မနက်ဖြန် ဒီဇင်ဘာလ ၅ ရက်တွင် ထိုင်းဘုရင်၏ ၈၇ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုသော အခမ်းအနား ကျင်းပ၍ ကချင်ထောင်ကာ အက ပြိုင်ပွဲများ ကျင်းပခြင်း၊ ညပိုင်းတွင် ထိုင်းအစိုးရ စစ်တပ်မှဖျော်ဖြေရေးအဖွဲ့မှ ကပြ ဖျော်ဖြေခြင်း၊ လူမျိုးစုအလိုက် မိမိတို့ရိုးရာယဉ်ကျေးမှု အကများဖြင့် တင်ဆက် ကပြခြင်း၊ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၆ ရက်တွင် နိုင်ငံတကာမှ ရောက်ရှိလာသောကချင်ရိုးရာယဉ်ကျေးမှု ကိုယ်စားလှယ်များ၏ အစည်းအဝေး ပြုလုပ်ပြီး ညပိုင်းတွင် မြန်မာနိုင်ငံမှ ရောက်ရှိလာသော Yak Tim Pyaw Tim Rau (RAU) အဖွဲ့များ၊ ကချင်ရိုးရာအကအဖွဲ့များ၏ ကပြဖျော်ဖြေမည့် အစီအစဉ်များ ပြုလုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ စတင်ကျင်းပသော ကချင်မနောပွဲသည် ၆ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

ထိုင်းဘုရင်ကသည် မိမိနိုင်ငံသား မဟုတ်သော်လည်း ကချင်တိုင်းရင်းသားများကို နေထိုင်ခွင့်ပြုရုံသာမက ထိုင်းဘုရင်၏ စီမံကိန်းအရ ကောက်ပဲသီးနှံစိုက်ပျိုးရန်မျိုးစေ့များ ဖြန့်ဝေပေးကာ ထွက်လာသည့် သီးနှံများကိုလည်း စျေးနှုန်းကောင်းကောင်းပေး၍ ၀ယ်ပေးသည်ဟု ဦးခေါင်ဟောင်း က ပြောသည်။

ယခင်နှစ်များထက် ထူးခြားမှုမှာ မနောပွဲတွင် မြန်မာနိုင်ငံ၊ တရုတ်၊ အန္ဒိယနိုင်ငံ၊ ဂျပန်နှင့် ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသားများနှင့် အခြား တိုင်းရင်းသားများ အပါအဝင်စုစုပေါင်း ၂၀၀၀ ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားသည်ဟုသိရသည်။

ထိုင်းဘုရင်က ဘန်းမိုင် ဆာမခီကျေးရွာတွင် ကချင်တိုင်းရင်းသားများကို နေထိုင်ခွင့်ပြုခဲ့သည်မှာ နှစ်ပေါင်း ၃၂ နှစ်ရှိခဲ့ပြီ ဖြစ်ပြီး လက်ရှိ အိမ်ခြေပေါင်း ၁၂၀ ကျော်ရှိကာ ဂျိန်းဖော၊ လီဆူ၊ လောင်ဝေါ်၊ ရဝမ်၊ လချိတ်၊ အဇီး(ဇိုင်ဝါး)စသည့် ကချင်မျိုးနွယ်စုများ နေထိုင်နေခြင်း ဖြစ်သည်။

Most read this week