ခုနစ်လကျော်အတွင်း မြန်မာ့ အာမခံလုပ်ငန်းက လျော်ကြေးငွေ သန်းတစ်ထောင်ကျော် ပေးအပ်

ခုနစ်လကျော်အတွင်း မြန်မာ့ အာမခံလုပ်ငန်းက လျော်ကြေးငွေ သန်းတစ်ထောင်ကျော် ပေးအပ်
by -
မဇ္စျိမ

 မြန်မာ့ အာမခံ လုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်၊ ခုနစ်လကျော်အတွင်း အာမခံလျော်ကြေးငွေ သန်းတစ်ထောင်ကျော် ပေးအပ်ထားပြီး ဖြစ်သည်ဟု မြန်မာ့ အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း က ပြောသည်။

၎င်းက ဒီဇင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၊ မြန်မာ့အာမခံ လုပ်ငန်းရုံးချုပ်၌ သင်္ဘောသား အာမခံ လျော်ကြေးနှင့် အခြား အာမခံလျော်ကြေးများ ပေးအပ်သည့်ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးအေးမင်းသိန်းက “နိုင်ငံခြား ကုမ္ပဏီတွေက အာမခံမရှိဘဲ ဘာမှမလုပ်ဘူး။ ကျွန်တော်တို့ဆီမှာလာပြီး ရင်းနှီးမြှပ်နှံရင် အာမခံထားလို့ရသမျှ အကုန်အာမခံထားပြီးမှ အလုပ်လုပ်တယ်" ဟု ဆိုသည်။

မြန်မာ့ အာမခံလုပ်ငန်း အနေဖြင့်၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စ၍ ဒီဇင်ဘာ ၃ ရက် အထိ အာမခံလျော်ကြေးငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၁၄၆၂ ဒသမ ၉၉၆ ပေးအပ်ခဲ့ပြီး ဖြစ်သည်ဟုလည်း စာရင်းများအရ သိရသည်။

မြန်မာ့ အာမခံလုပ်ငန်းမှ ဒီဇင်ဘာ ၃ ရက်တွင် သဘောင်္သား အသက်အာမခံလျော်ကြေး၊ အလုံးစုံ မော်တော်ယာဉ် အာမခံလျော်ကြေးနှင့် ရေကြောင်းပို့ကုန် ပစ္စည်းအာမခံလျော်ကြေး စုစုပေါင်း ကျပ်သိန်း ကိုးရာ့ရှစ်ဆယ်ကျော်အား ရန်ကုန်မြို့ရှိ မြန်မာ့ အာမခံလုပ်ငန်းရုံးချုပ်တွင် ပေးအပ်ခဲ့သည်။

အလုံးစုံ မော်တော်ယာဉ် အာမခံလျော်ကြေး လာရောက်ထုတ်ယူသူ ဦးအေးဝင်းက "ကျွန်တော်တို့ စက်တင်ဘာ ၉ရက်က ကားတိုက်တယ်။ ၂၃ရက်မှာ အာမခံကြေးထုတ်ယူဖို့ စာရွက်စာတမ်းတွေတင်တယ်။ နှစ်လ အတွင်းမှာပဲ လျော်ကြေးရခဲ့တယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာ့အာမခံလုပ်ငန်းမှ ယခုနှစ်အတွင်း အမခံလျော်ကြေး အများဆုံး ပေးအပ်ရသည်မှာ မီးအာမခံ လျော်ကြေးဖြစ်ပြီး ကျပ် ၉၈၄ သိန်း ပေးအပ်ခဲ့သည်။