မိုင်းခွဲခံမြေပေါ်တွင် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုရန် ကျောင်းသား သမဂ္ဂများနှင့်အတူ ကျန်းမာရေး ပညာပေး၊ စာရေးဆရာ အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ပူးပေါင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်ခဲ့သည့် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ဆန္ဒပြပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့ ခြင်းဖြစ်သည်။
ဒေါက်တာအောင်ခင်ဆင့်က “ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်တည်ဆောက်နိုင်မှ သာ ကျောင်းသား အရေးလှုပ်ရှားမှု ပိုထိရောက်လိမ့်မယ်။ ကျောင်းသားသမဂ္ဂအရေးပါတယ်လို့ သမ္မတကြီး မိန့်ကြားတဲ့ အတိုင်း ကျောင်းသားအရေး၊ သမဂ္ဂ အဆောက်အအုံအရေး ဘယ်လောက်ထိ ဂရုပြုသလဲဆိုတာ သိဖို့ဆန္ဒ ပြ သွားမယ်” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ခြင်းကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီအချိန်တွင် မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော် မည်ဖြစ်ပြီး ထိုသို့ဆန္ဒထုတ်ဖော်မည့် အကြောင်းကိုလည်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးဌာနသို့ အကြောင်းကြားထားပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်အသက်နှစ် ၁၀၀ ပြည့်ချိန်တွင် သမဂ္ဂ အဆောက်အအုံသစ်ကို ဆောက်ရန်၊ တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေး ဒို့အရေး၊ ကျောင်းသား သမဂ္ဂ အဆောက်အအုံရှိပါမှ ကျောင်းသားအရေး လုပ်လို့ရ ၊ သမဂ္ဂ အဆောက်အအုံ ဖြစ်ပေါ်ရေး ကော်မတီ ဖွဲ့စည်း၍ ဆောင်ရွက်ပေး သမဂ္ဂ အဆောက်အအုံ ထဲ “ဗိုလ်ချုပ် ဘာလုပ်သလဲ၊ ကျွန်ပညာရေးဘဝက လွတ်မြောက်ရေး ဗိုလ်ချုပ်လုပ်လို့ပေး” စသည့် အချက် ၁၁ ချက်ပါ ပိုစတာဗီနိုင်းများ ကိုင်ဆောင်ပြီး ကြွေးကြော်မည်ဟု ဒေါက်တာအောင်ခင်ဆင့် ထံမှ သိရသည်။
မိတ္ထီလာတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုအောင်နေပိုင်က “ကျောင်းသားတိုင်းအတွက် သမဂ္ဂ အဆောက်အအုံဆိုတာ ရှိကိုရှိရမယ်။ တောင်းဆိုမှ၊ ဆန္ဒပြမှသိမယ်ဆိုရင် ဘာမဆိုရင်ဆိုင်တိုက်ပွဲ ဝင်သွားမယ်” ဟု ဆိုသည်။
လက်ရှိတွင် ကျောင်းသားများစု ပေါင်း၍ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဆန္ဒပြမှုများ တိုင်းနှင့် ပြည်နယ်အနှံတွင် ဖြစ်ပေါ်လျက်ရှိပြီး ဥပဒေပါ အကြောင်းအရာများကို ရက်ပေါင်း ၆၀ အတွင်း ကျောင်းသားအခွင့်အရေး အပြည့်အဝ ပေးရန်နှင့် ပြန်လည်ညှိနှိုင်းပြင်ဆင်ပေးရန် ထုတ်ပြန်သွားမည် ဖြစ်သည်။
၁၉၆၂ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံကို စစ်အစိုးရက မိုင်းခွဲဖျက်ဆီးခဲ့သည့် အပြင် ကျောင်းသားအဖွဲ့ အစည်းများကိုလည်း တရားမဝင်အဖွဲ့ အစည်းများအဖြစ် သတ်မှတ်ခဲ့သည်။