ရန်ကုန်စည်ပင် ရွေးကောက်ပွဲ မဲရုံ တစ်ထောင်ကျော် ထားရှိမည်

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ မဲရုံ တစ်ထောင်ကျော် ထားရှိမည်
by -
မဇ္စျိမ

 ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများအတွက် မဲရုံပေါင်း တစ်ထောင်ကျော် ထားရှိသွားမည်ဟု ရန်ကုန်စည်ပင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဇ္စျိမကိုပြောသည်။

မဲရုံများကို မြို့တော်စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်ရှိ ဓမ္မာရုံများနှင့် စာသင်ကျောင်းများတွင် ထားရှိရန် စီစဉ်ထားခြင်းဖြစ်သည်။

ထို့ပြင် ပညာရေးဆိုင်ရာ ဝန်ထမ်းများကို အဓိကထား၍ မဲရုံတစ်ရုံလျှင် ဝန်ထမ်း ၁၆ ဦး ထားရှိ အသုံးပြုမည်ဟု ဦးတင်အေးက ပြောသည်။

ထို့ပြင် စည်ပင်ရွေးကောက်ပွဲကို ပြည်သူတို့ စိတ်ဝင်စားမှုရှိလာစေရန် ဒီဇင်ဘာ ပထမအတွင်း မြို့နယ်အသီးသီးရှိ မဲရုံများတွင် သရုပ်ပြပွဲများ ပြုလုပ်ရန် ကော်မရှင်ကစီစဉ်နေသည်။ သို့သော် ဒီဇင်ဘာ ၂၇ ရက်တွင် စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်

ဖြစ်သော်လည်း ပြည်သူတို့ ကျယ်ပြန့်စွာမသိရှိသေးဟု ကိုယ်စားလှယ် လောင်းအချို့က ဝေဖန်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဖြစ် အနောက်ပိုင်းခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းချိုက “စည်ပင် ရွေးကောက်ပွဲကို ဘယ်တော့လုပ်မယ် ဘယ်လိုမဲပေးရမယ်ဆိုတာကို လူထုအများစုက မသိကြသေးဘူး။ စိတ်ဝင်စားမှု နည်းနေသေးတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကော်မရှင်က နောက်ဆုံးခွင့်ပြုထားသည့် ဒီဇင်ဘာ ၂၆ ရက်မတိုင်မီ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ကိုယ်စားလှယ်အချို့က စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း အများစုကမူ ဘဏ္ဍာငွေ အခက်အခဲကြောင့် ကျယ်ပြန့်စွာ မလုပ်နိုင်ဟု မဇ္စျိမကို ပြောထားသည်။

“လက်ကမ်းကြော်ငြာစာရွက်ဝေတာတို့ လူထုနဲ့ လိုက်တွေ့တာတို့ပဲ လုပ်နေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင် ကော်မတီဝင်အဖြစ် မြောက်ပိုင်းခရိုင်မှ ဝင်ပြိုင်မည့် နော်ဆူဇန်နာလှလှစိုးက ပြောသည်။

၎င်းက စည်ပင်ရွေးကောက်ပွဲကို လူထုပိုမိုသိရှိစေရန် နိုင်ငံပိုင်ရုပ်သံ၊ ရေဒီယို၊ သတင်းစာများမှတစ်ဆင့် အသိပေးရန် လိုသည်ဟု သုံးသပ်သည်။ ထို့ပြင် မဲဆန္ဒရှင်တစ်ဦးက ကော်မတီအဆင့်ဆင့် ကိုယ်စားလှယ်လောင်း ရ ဦးကို မဲပေးရွေးရမည်ဖြစ်၍ မည်ကဲ့သို့ မဲပေးရမည်ဆိုသည်ကို ကျယ်ပြန့်စွာ အသိပေးသင့်သည်ဟု နော်ဆူဇန်နာ လှလှစိုးက ပြောသည်။

ရန်ကုန်မြို့ နေရာအချို့တွင်မူ စည်ပင်ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်နှင့် အိမ်ထောင်စုတိုင်း မဲပေးနိုင်ကြောင်း ဆိုင်းဘုတ်များဖြင့် အသိပေးထားမှုတို့ရှိသည်။ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် စည်ပင်ရွေးကောက်ပွဲကို ပြည်သူသိရှိမှု မကျယ်ပြန့်သော်လည်း စည်ပင်အရာထမ်းဟောင်းများ၊ အစိုးရအမှုထမ်းဟောင်းများ၊ နိုင်ငံရေးပါတီဝင်နှင့် တက်ကြွလှုပ်ရှားသူများက စိတ်ဝင်တစား ပါ၀င်ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီး ၂၉၃ဦးရွေးကောက်ခံကြမည်ဖြစ်သည်။

၁ ယောက်လျှင် ရ ဦးနှုန်း၊ မဲပုံး ရ ပုံး

စည်ပင်ရွေးကောက်ပွဲ မဲပေးရာတွင် ရွေးချယ်လိုသူ ပုဂ္ဂိုလ်၏ ဓာတ်ပုံ နံဘေးအမှန်ခြစ်ရသည့် စနစ်ကိုသာ ကျင့်သုံးမည်ဖြစ်သည်။ မဲဆန္ဒရှင်တစ်ဦးလျှင် ခရိုင်အလိုက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူ တစ်ဦး၊ မြို့နယ်နှင့် ခရိုင်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူ သုံးဦးစီ စုစုပေါင်း ရ ဦး ရွေးချယ်ရမည် ဖြစ်သည်။

ထို့ကြောင့် မဲဆန္ဒရှင်တစ်ဦးသည် ခရိုင်တစ်ခုလျှင် တစ်ဦးကျရွေးပေးရမည့် မြို့တော်ကော်မတီဝင် မဲပုံး ၁ပုံး၊ မြို့နယ်နှင့် ခရိုင်အဆင့်တွင်မူ ရပ်မိရပ်ဖကိုယ်စားလှယ်၊ တတ်သိပညာရှင်ကိုယ်စားလှယ်၊ လူမှုရေးကိုယ် စားလှယ် စသဖြင့် အရောင်ခွဲခြားထားသော မဲပုံး ၃ ပုံးစီ၊ စုစုပေါင်း မဲပုံး ရ ပုံးတွင် ဆန္ဒပြုရမည်ဖြစ် သည်။ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲတွင် မြို့တော်နေ လူဦးရေလေးသိန်းကျော် ရှိသည်ဟု ဖော်ပြထားသည်။

မြို့တော်ကော်မတီဝင် ၄ ဦး၊ ခရိုင်ကော်မတီဝင် ၁၂ ဦး၊ မြို့နယ်ကော်မတီဝင် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးနေရာတွက် ရွေးချယ်ရမည်ဖြစ်သည်။

Most read this week