တိုးချဲ့သတ်မှတ်လိုက်သော ငပလီဟိုတယ်ဇုန် မြေနေရာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို တရုတ်နိုင်ငံသားများ ဝယ်ယူထားသည်ဟု ငပလီဟိုတယ်ဇုန် စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
၂၀၁၃ ခုနှစ်အတွင်းက သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်နယ်၏ အဓိက ဟိုတယ်ဇုန် တစ်ခုဖြစ်သော ငပလီ၏ ဧရိယာကို ထပ်ချဲ့ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
ထို့နောက် ကမ်းခြေချင်းဆက်စပ်နေသည့် ကျေးရွာငါးရွာကို ဟိုတယ်ဇုန်ဧရိယာအတွင်း ထပ်မံတိုးချဲ့ ထည့်သွင်းရန်နှင့် အကောင် အထည်ဖော်ရန် ကျပ်ငါးဘီလီယံ ချထားပေးခဲ့သည်ဟု ဇုန်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူက ပြောသည်။
ထိုသို့ တိုးချဲ့လိုက်သော ကျေးရွာများရှိ ကမ်းခြေမြေနေရာများကို တရုတ်နိုင်ငံသားများက လာရောက် ဝယ်ယူထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဟိုတယ်ဇုန်ချဲ့မယ်လို့ သတင်းမထွက်ခင်ကပဲ တရုတ်တွေဆင်းပြီး ၀ယ်နေတာ၊ သတင်းထွက်ပြီး နောက် ပိုင်းပိုဝယ်လာတယ်။ တရုတ်တွေ က စျေးပိုပေးတော့ ကမ်းခြေတံငါရွာက ခြံတွေအားလုံးက မြေရှင်တွေ ကလည်း ရောင်းလာကြတယ်” ဟု ဆိုသည်။
ဝယ်ယူမှုများသည် ဒေသတွင်း စီးပွားရေးလုပ်ငန်း အခြေစိုက် တရုတ်လူမျိုး မြန်မာနိုင်ငံသားများအမည် ဖြင့် ဝယ်ယူနေကြခြင်းဖြစ်၍ ဥပဒေကြောင်းအရ ထိန်းချုပ်ရန် ခက်ခဲနေသည်ဟု အဆိုပါတာဝန်ရှိသူနှင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်တို့က ပြောသည်။
“တိုင်းရင်းသားနာမည်နဲ့ နီးစပ်ရာအချင်းချင်း ၀ယ်နေကြတယ်။ တပ်က ထိန်းထားတဲ့ မြေတွေပဲ ရှိတော့တယ်။ ဒေသခံတွေ ပိုင်တာ မရှိတော့ဘူး။ လွှတ်တော်မှာ ဆွေးနွေးပြီး ပြန်ထိန်းချုပ်ဖို့ ဆိုရင်တော့ တော်တော်ကျွံနေပြီ” ဟု ဦးမြင့်လှိုင်က ဆိုသည်။
ငပလီကမ်းခြေ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သာယာလှပ ရေးအဖွဲ့ဝင် ကိုစိန်ချစ်က “ဒေသက လှုပ်ရှားသူတွေ အနေနဲ့ လည်း နိုင်ငံသားဖြစ်ခွင့် ကိစ္စတွေ၊ တခြား ကိစ္စတွေကို ဇောင်းပေးပြီး လုပ်နေတဲ့အတွက် ဒီကိစ္စကို သေသေချာချာ ဖော်ထုတ်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ဆိုသည်။
ထပ်မံတိုးချဲ့လိုက်သော ဟိုတယ်ဇုန်အတွင်းရှိ ကမ်းရိုးတန်း ကျေးရွာများ၏ မြေစျေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်းတစ်ထောင်မှ သိန်းငါးထောင်ထိရှိပြီး ဖော်ဆောင်ပြီးဖြစ်သည့် ဟိုတယ်ဇုန်အတွင်း မြေစျေးမှာ တစ်ဧကလျှင် ကျပ်သိန်းတစ်သောင်းမှ သိန်းသုံးသောင်း အထိ စျေးမြင့်တက်နေသည်ဟု ယင်းနေရာတွင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးသက်ထွန်းဆွေက ပြောသည်။
မော်ရုံကျေးရွာမှ အိမ်ခြံမြေငါးဧကခန့်ကို ရောင်းချခဲ့သူ ဦးကျော်မြင့်က “တစ်ရွာလုံးလိုလို ရောင်းကြတယ်လေ။ ကားလမ်း မပေါက်သေးပေ မယ့် ရေလမ်းက လာဝယ်ကြတယ်။ ဒေသတွင်းမှာ ရောင်းဝယ်တဲ့ စျေးထက်ဆယ် ဆကျော်လောက် တရုတ်တွေက ပေးတယ်” ဟု ဆိုသည်။
အဆိုပါကျေးရွာများသည် ယခင်က တံငါရွာများဖြစ်ပြီး ကမ်းနီးငါးဖမ်း လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ကျေးရွာများ ဖြစ် သည်။ ရောင်းချပြီး သူများက သံတွဲမြို့တွင် စျေးဆိုင်ခန်းများ ဝယ်ယူကာ စျေးရောင်းချခြင်း၊ မော်တော်ယာဉ်များဝယ်ယူ ၍ ဒေသတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများတွင် ရင်းနှီးမြှုပ် နှံခြင်းတို့ ပြုလုပ်ကြသည်ဟု ကာယကံရှင်အချို့က ပြောသည်။
ငပလီကမ်းခြေ ဟိုတယ်ဇုန်ကို မူလက ဂေါ့ကျေးရွာ၊ မြေပြင်ကျေးရွာ၊ လင်းသာ ကျေးရွာ၊ ဂျိတ္တော ကျေးရွာ၊ ဇီးဖြူကုန်း ကျေးရွာများအတွင်း ဟိုတယ်အလုံးရေ ၂၀ ကျော်ဖြင့် ဆောင်ရွက်နေသည်။
ယခုအခါ သံပုရာ ကျေးရွာ၊ ကျွဲသောက်ကုန်း ကျေးရွာ၊ ရွှေသာချိုင် ကျေးရွာ၊ မော်ရုံကျေးရွာ၊ မော်ချေ ကျေးရွာ တို့ကိုပါ တိုးချဲ့ဇုန်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။