နိုင်ငံတော် သမ္မတအား မူဝါဒပိုင်းဆိုင်ရာများ အပါအဝင် သုတေသန လုပ်ငန်းများ၊ မူဝါဒပိုင်းဆိုင်ရာများ အကြံပြုမည့် မြန်မာဖွံ့ဖြိုးမှု အင်စတီကျု (Myanmar Development Institute) တည်ထောင်ရန်အတွက် ကန်ဒေါ်လာ သန်း ၂၀ ကို တောင်ကိုရီးယားနိုင်ငံက ထောက်ပံ့သွားမည် ဖြစ်သည်။
မြန်မာဖွံ့ဖြိုးမှု အင်စတီကျု တည်ထောင်မည့် စီမံကိန်းသည် ၂၀၁၂ ခုနှစ်အတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ သမ္မတ မစ္စတာ လီမြောင်ဘတ် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း သဘောတူညီခဲ့ခြင်း ဖြစ်သည် ဟု သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၂ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်ဗဟိုဌာန (နေပြည်တော်) ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က "ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရန်နဲ့ အမျိုးသားစွမ်းဆောင်ရည် မြင့်မားတိုး တက်ရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်တည်ထောင်တဲ့ နိုင်ငံအတွက် အရေးပါတဲ့ စီမံကိန်းဖြစ်တာကြောင့် ငွေအားလူအားနဲ့ အကူအညီပေးတဲ့ ကိုရီးယားနိုင်ငံ အစိုးရနဲ့ KDI (Korea Development Institute) တို့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်’’ ဟု ပြောကြားခဲ့သည်။
နိုင်ငံတိုင်းအတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရာ တွင် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတို့ မှန်ကန်ကောင်းမွန်စွာ ရှိရမည်ဖြစ်ပြီး ယင်းသို့ မှန်ကန်ကောင်းမွန်ရန်မှာလည်း ပညာရှင်များ ၏ လေ့လာသုတေသန ပြုမှုများနှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ အကြံပြုဆွေးနွေးချက်များသည် မရှိမဖြစ်လိုအပ်သည်ဟု သမ္မတက ပြောသည်။
ထို့ပြင် ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်မှုအတွက် အထောက်အကူပြုရန် လိုအပ် ၍ ရေရှည်မျှော်တွေးပြီး ထူထောင်းခြင်းသာမက ပြည်ထောင်စုအစိုးရ အဖွဲ့၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများကိုပါ အကျိုးဖြစ်ထွန်းစေမည်ဟု ဆက်လက်ပြောကြားသည်။
ယင်းအင်စတီကျုကို ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ အကောင်အထည် ဖော်သွားမည်ဖြစ်ကာ လေးနှစ် တာကာလအတွင်း ကန်ဒေါ်လာ သန်း ၂၀ သုံးစွဲ၍ နေပြည်တော်တွင် တည်ထောင်သွားမည်ဟု မြန်မာဖွံ့ဖြိုးမှုအင်စတီကျုကို ဦးဆောင်အကောင်အထည်ဖော်မည့်သူ တစ်ဦးဖြစ်သည့် သမ္မတအကြံပေး ဒေါက်တာအောင်ထွန်းသက်က မဇ္စျိမကို ပြောသည်။
ဒေါက်တာအောင်ထွန်းသက်က "ကျွန်တော်တို့ဟာ ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး ဖွံ့ဖြိုးမှုလုပ်ဆောင်ချက်တွေကို အတုယူပေမယ့် မြန်မာနိုင်ငံရဲ့ လက်တွေ့ဘဝကို ထင်ဟပ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်သွားမှာပါ” ဟု ဆက်လက်ပြောကြားသည်။
သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးကလည်း မြန်မာအစိုးရအဆက်ဆက် ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ခဲ့သော်လည်း မူဝါဒပိုင်း ဆိုင်ရာများ၊ သုတေသနပြုချက်များ အားနည်းခြင်းကြောင့် မအောင်မြင်ခြင်းများရှိခဲ့သဖြင့် ယခုကဲ့သို့ မြန်မာဖွံ့ဖြိုးမှု အင်စတီကျု တည်ထောင်ခြင်း ဟုလည်း မဇ္စျိမကို ပြောသည်။
မြန်မာဖွံ့ဖြိုးမှုအင်စတီကျုအား အကောင်အထည်ဖော်ရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖတ်များအဖြစ် ကုလသမဂ္ဂ ဖွံ့ဖြိုးအစီအစဉ် အပါအဝင် အခြားအဖွဲ့များ ပါဝင်ကြမည်ဖြစ်သည်။