မြန်မာနိုင်ငံ၏ အနာဂတ်ဟာ မျိုးဆက်သစ် လူငယ်များ၏ လက်ထဲတွင်သာ ရှိပြီး ကျောင်းသားလူငယ်များအ တွက် နော်ဝေနိုင်ငံက ထောက်ပံ့မည့် ပညာသင်ဆု ရံပုံငွေ မတည်ထားပြီး David Taw ပညာသင်ဆုဟု အမည်ပေး ထားကြောင်း နော်ဝေနိုင်ငံ ပဥ္စမမြောက် ဟာရယ်ဘုရင်က ဒီဇင်ဘာ ၂ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ဟောပြောသည့် မိန့်ခွန်း၌ ပြောကြားလိုက်သည်။
"David Taw ကဲ့သို့ ငြိမ်းချမ်းရေးကို လိုလားပြီး ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ကြိုးစားအားထုတ်ရန် ခိုင်မာသော ဆုံးဖြတ်ချက်ချထားသည့် မည်သည့်ကျောင်းသူ ကျောင်းသားမဆို ဤပညာသင်ဆုကို လျှောက် ထားနိုင်ပါတယ်"ဟု နော်ဝေဘုရင်က ပြောသည်။
ယင်းပညာသင်ဆုကို အသုံးပြုကာ သမိုင်းနှင့် လူမှုဆိုင်ရာ ဘာသာရပ်များကို ဝိဇ္ဇာနှင့် မဟာဝိဇ္ဇာအတန်းများ တက်ရောက်သင်ကြားနိုင်သည် ဟု ဆိုသည်။
နော်ဝေနိုင်ငံ၏ ပဥ္စမမြောက် ဟာရာဘုရင်သည် သမ္မတဦးသိန်းစိန်နှင့် ဇနီးတို့၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက် ညနေက ရောက်ရှိခဲ့သည်။ ၎င်းက ဒီဇင်ဘာ ၁ရက်တွင် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မိန့်ခွန်းပြောကြားခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်း အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။ မွန်းလွဲပိုင်းတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အာဆီယံ အစိမ်းရောင် စီးပွားရေး ဗဟိုဌာနကို ဖွင့်လှစ်မည် ဖြစ်သည်။ ယင်းနောက် ညနေပိုင်းတွင် ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်မည် ဖြစ်သည်။
၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အစိုးရ တာဝန်ရှိသူများ၊ အတိုက်အ ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဟု နော်ဝေသံရုံးက ထုတ်ပြန်ထားသည်။ သူနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးအပါအဝင် အစိုးရအဖွဲ့များနှင့် နော်ဝေကုမ္ပဏီ ၄၀ ကျော် ပါဝင်လာခဲ့သည်။