ဇီးသီးဗန်း ကိစ္စ အရေးယူပေးမည်ဟု သမ္မတက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို ကတိပေးထားဟုဆို

ဇီးသီးဗန်း ကိစ္စ အရေးယူပေးမည်ဟု သမ္မတက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို ကတိပေးထားဟုဆို
by -
မဇ္စျိမ

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော စာသင်ကျောင်း၊ ကျန်းမာရေး အဆောက်အဦးများနှင့် လမ်းတံတားများ ဆောက်ရာတွင် စံချိန်စံညွှန်း မမှီသည့် ဆောက်လုပ်ရေး ကုမ္ပဏီများကို အချက်အလက်များ ဓာတ်ပုံများဖြင့် အမျိုးသားလွှတ်တော်က တိုင်းကြားပို့ဆောင်မှုများကို နိုင်ငံတော် သမ္မတက အရေးယူပေးမည်ဟု ကတိပေးထားကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နို၀င်ဘာ ၂၆ ရက်တွင် ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ဇီးသီးဗန်း ကိစ္စပေါ့။ ဒီကနေပြီးတော့ အဘတို့ နှစ်ကြိမ်ရှိပြီ ပို့ထားတာ။ ဓာတ်ပုံတွေနဲ့ ဘာတွေနဲ့ သေချာ ပို့ထားတယ်။ ဒါကို သမ္မတကြီးက လုပ်ပေးမယ်။ အဲ့လို အထောက်အထားတွေနဲ့ ပို့ပါဆိုလို့ ပို့လိုက်တယ်။ သူတို့ဟိုမှာ ချက်ချင်းအဖွဲ့တွေ ဖွဲ့တာ။ အဖွဲ့တွေဖွဲ့ပြီးတော့ အချက်အလက်တွေချပြီးတော့ စစ်တယ်” ဟု ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ မဲဆန္ဒနယ်များတွင် စံချိန်စံညွှန်းမမှီသည့် ဆောက်လုပ်ရေး ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များကို မှတ်တမ်းဓာတ်ပုံများဖြင့် အမျိုးသား လွှတ်တော် ရုံးချုပ်သို့တင်ပြရသည်။ အမျိုးသားလွှတ် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မထံ တိုက်ရိုက်ပေးပို့တိုင်ကြားခြင်းဖြစ်သည်။

လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက “နှစ်ကြိမ်တော့ ပို့ထားတယ်။ အချို့ကိုယ်စားလှယ်တွေ့ရဲ့ တွေ့ရှိချက်တွေ က အချက်အလက် မစုံ ပြန်တောင်းထားတာတွေလည်း ရှိသေးတယ်။ ကုမ္ပဏီ ဘယ်နှစ်ခုဆို တာ ပြောရခက်တယ်” ဟု ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ တိုင်ကြားချက်များနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် အပါအဝင် သက်ဆိုင်ရာ ဌာနများနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစစ်ဆေးလျှက်ရှိသည်။ စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော် သမ္မတ ရုံးထံသို့ နိုဝင်ဘာ ၂၉ ရက်တွင် အစိုးရရုံးအဖွဲ့မှ တစ်ဆင့် အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “သမ္မတကြီးက နောင်လည်း ဒီလိုမျိုးတွေ့ရင် ဆက်ပြီးတော့ ကူညီပါ။ သမ္မတ ရုံးကနေ ဆောင်ရွက်ပေးမှာပဲ။ အဘတို့ကလည်း ဒီလိုပဲ ပို့မှာပဲလေ။ အဲ့ဒါဆိုရင် ဒီလိုကိစ္စတွေက ဖြစ်မလာနိုင်တော့ ဘူးပေါ့။ ဖြစ်ရင်လည်း ပေါပေါများများ မဖြစ်တော့ဘူးပေါ့” ပြောသည်။