ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းရေးနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့် ရရှိရေးသည် တက္ကသိုလ်ပညာရေး၌ မရှိ မဖြစ်လိုအပ်သော အရေးကြီး အစိတ်အပိုင်းများဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
ပြဋ္ဌာန်းလိုက်သည့် အမျိုးပညာရေး ဥပဒေကို ကျောင်းသားအဖွဲ့များက သမဂ္ဂများ ထူထောင်ခွင့် မပါရှိခြင်း၊ ဗဟိုချုပ်ကိုင်မှု များလွန်းနေခြင်း၊ ဒီမိုကရေစီ စံနှုန်းများဖြင့် မညီ စသဖြင့် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေ ချိန်တွင် ယင်းသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။
“မရှိမဖြစ်လိုအပ် တယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြုလက်ခံပါတယ်”ဟု နိုဝင်ဘာ ၂၆ ရက် နေ့က ရန်ကုန်တိုင်း အစိုးရရုံး၌ ပြုလုပ်သည့် နိုင်ငံရေးပါတီ ၆၇ ပါတီနှင့်တွေ့ဆုံပွဲတွင် ပြောခြင်းဖြစ်သည်။
ကန့်ကွက်မှုများရှိနေခြင်းကြောင့် အဆိုပါ ဥပဒေကို ပြင်ဆင်ဖြည့်စွက်လိုသည်များရှိပါက ဥပဒေနည်းလမ်း များနှင့် အညီ ပြင်ဆင်ဖြည့် စွက်ရန် လိုအပ်သော တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်ရ မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရန်သည် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ကြောင်း သမ္မတက ဆက်ပြောသွားသည်။
ဥပဒေအပေါ် သပိတ်မှောက်မှုများပြုလုပ်နေသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဖြိုးဖြိုးအောင်ကမူ တဆင့်ချင်း အကန့်အသတ်နှင့် ပြုပြင်မည်ဆိုက ဒီမိုကရေစီစံနှုန်းများပြည့်ဝပြီး လွတ်လပ်စွာ သင်ကြားနိုင်သည့် ပညာရေးစနစ် ဖြစ်လာလိမ့်မည် မဟုတ်ဟု ပြောသည်။
ထို့ပြင် ကျောင်းသားသမဂ္ဂများဖွဲ့စည်းရေးနှင့် လွတ်လပ်စွာပညာသင်ကြားခွင့် ရှိရေးကို သမ္မတက အသိအမှတ်ပြုသည်ဆိုပါက အမှန်တကယ် လွတ်လပ်သော ကျောင်းသား သမဂ္ဂဖွဲ့စည်းခွင့် ရရေး ဆောင်ရွက်ပေးရန်လိုသည်ဟု ၎င်းက ပြောသည်။
ကျောင်းသားအဖွဲ့များက အမျိုးသားပညာရေးဥပဒေကို နိုဝင်ဘာ ၁၅ ရက် ရန်ကုန်မြို့တွင် လေးရက်တာ သပိတ်မှောက်ကြပြီးနောက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာကွန်ယက်( NNER )တို့နှင့် လေးပွင့်ဆိုင်ဆွေးနွေးရန် တောင်းဆိုထားသည်။ ပညာရေးဝန်ကြီးက လည်း ဆွေးနွေးမည်ဟု ဆိုထားသော်လည်း NNER ပါဝင်ရေးအပေါ် မှတ်ချက်မပြုသေးပေ။