မြန်မာနိုင်ငံတွင် ၂၀၁၀ - ၂၀၁၁ ခုနှစ်က အင်တာနက် အသုံးပြုသူအရေအတွက် သုံးသောင်းကျော်သာ ရှိရမှ လေးနှစ် အတွင်း ၂၀၁၄ ခုနှစ်တွင် အင်တာနက် အသုံးပြုသူ သုံးသန်းခွဲကျော် (မြန်မာနိုင်ငံ လူဦးရေ၏ ၂ ရာခိုင်နှုန်း ဝန်းကျင်) အထိ ရှိလာသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လေးနှစ်ကာလအတွင်း အင်တာနက်အသုံးပြုမှု ၉၁ ဒသမ ၃၆ ရာခိုင်နှုန်း အထိ တိုးတက်လာ သည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားသည်။
အင်တာနက်အသုံးပြုသူ သုံးသန်းခွဲကျော်တွင် မိုဘိုင်းဖုန်းမှ အသုံးပြုသူ သုံးသန်းလေးသိန်းကျော်အထိ ရှိနေသည်ဟုလည်း စာရင်းများ အရ သိရသည်။
မိုဘိုင်းဖုန်းများမှ အင်တာနက် အသုံးပြုမှုများလာခြင်းကြောင့် မိုဘိုင်းငွေပေးချေမှုစနစ်များ အောင်မြင်လာမည့် အပြင် အွန်လိုင်းမှတစ်ဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အခွင့်အလမ်းများ ရလာနိုင်သည်ဟု ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့၏ နည်းပညာအရာရှိချုပ် ကိုစိုးသီဟနောင်က သုံးသပ်သည်။
ကိုစိုးသီဟနောင်က "မိုဘိုင်းဖုန်းကနေ အင်တာနက် သုံးနိုင်လာတဲ့အတွက် သတင်းအချက်အလက် စီးဆင်းမှု မြန်လာတယ်။ မိုဘိုင်းငွေ ပေးချေမှုပုံစံတွေ လုပ်နိုင်လာတယ်။ အွန်လိုင်းကနေပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်လာတယ်" ဟု ဆိုသည်။
မိုဘိုင်းဖုန်းမှတဆင့်အင်တာနက် အသုံးပြုမှု ပိုမိုများပြားလာသော်လည်း ဆက်သွယ်ရန်နှင့် လူမှုကွန်ရက်များ ကိုသာ အသုံးပြုမှုများနေသည်ဟု မိုဘိုင်းဖုန်းမှတဆင့် အင်တာနက်အသုံးပြုသူ တစ်ဦးက ဝေဖန်သည်။
အင်တာနက်အသုံးပြုသည့် အရေအတွက်တွင် အချက်အလက်ရှာဖွေသည့် အသုံးပြုသူ အရေအတွက်နှင့် လူမှုကွန်ရက် နှင့် ဆက်သွယ်ရေးအတွက်သာ အသုံးပြုသည့် အရေအတွက်ကို လေ့လာရန် လိုအပ်သည်ဟု ကိုစိုးသီဟနောင်က ဆိုသည်။
ထို့အပြင် မြန်မာဘာသာဖြင့် ဖော်ပြထားသည့် ပညာရပ်များကို လေ့လာနိုင်မည့် အင်တာနက်စာမျက်နှာများ နည်းပါးနေသေးသည်ဟုလည်း ၎င်းက ဆိုသည်။
ပြည်ပအော်ပရေတာ တယ်လီနောက Wikipedia သို့ ဝင်ရောက်အသုံးပြုမှုအတွက် အခမဲ့ပေးထားသော်လည်း မြန်မာ စာဖြင့် ဖော်ပြထားသည့် အချက်အလက် သုံးသောင်းကျော်သာ Wikipedia တွင် ရှာဖွေနိုင်မည်ဟု အင်တာနက် အသုံးပြုသူတစ်ဦးက ဆိုသည်။
၂၀၁၄ ခုနှစ်တွင် အင်တာနက်အသုံးပြုသူ ၃,၅၃၇,၁၂၃ ဦး ရှိနေပြီး ဖိုင်ဘာအင်တာနက်လိုင်း အသုံးပြုသူ ၃၃၇ ဦး၊ MPT Satellite Terminal အသုံးပြုသူ ၈၂၉ ဦး၊ E1 လိုင်းအသုံးပြုသူ ၂၃၅ဦး၊ ADSL လိုင်းအသုံးပြုသူ ၁၀,၇၉၃ဦး၊ Dial Up လိုင်း အသုံးပြုသူ ၁၇၃၀ဦး၊ မိုဘိုင်းမှ အသုံးပြုသူ ၃,၄၁၃,၄၅၃ဦး အထိရှိနေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများတွင် ဖော်ပြထားသည်။
ပြည်ပ အော်ပရေတာများ ဝင်ရောက်ဝန်ဆောင်မှု ပေးနေပြီဖြစ်သည့်အတွက် မိုဘိုင်းမှ တဆင့် အင်တာနက် အသုံးပြုသူ အရေအတွက် ပိုမိုများပြားလာမည် ဖြစ်သည်။