၂၀၁၅ အလွန် ထိုးတက်လာမည့် အာဆီယံနှင့် အနာဂတ်စိန်ခေါ်မှုများအရေး

၂၀၁၅ အလွန် ထိုးတက်လာမည့် အာဆီယံနှင့် အနာဂတ်စိန်ခေါ်မှုများအရေး
by -
မဇ္စျိမ

၂၀၁၅ ဒီဇင်ဘာ ၃၁ မှ စတင်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံသည် ၁၀ နိုင်ငံ ပေါင်းစည်း သည့် စီးပွားရေး အခြေခံသော အသိုက်အဝန်းတစ်ခု ဖြစ်တည်လာမည်ဖြစ်ရာ ၂၀၁၅ အလွန် ထိုးတက်လာမည့် အာဆီယံနှင့် ကြံုတွေရနိုင်သည့် စိန်ခေါ်မှုများကို အာဆီယံနှင့် အရှေ့အာရှမှ ဖိတ်ကြား ထားသော ကျွမ်းကျင်အယ်ဒီတာများနှင့် စီးပွားရေးပညာရှင်များ တက်ရောက်ပြီး စိုးရိမ်မှုများကို ဆွေးနွေးခဲ့ကြ သည်။

အာဆီယံနှင့် အရှေ့အာရှအတွက် စီးပွားရေးသုတေသနသိပ္ပံ (Economic Research Institute for ASEAN and East Asia, ERIA) နှင့် ပြည်တွင်းမီဒီယာဖြစ်သည့် မဇ္စျိမမီဒီယာတို့ ပူးပေါင်းကျင်းပသည့် ထွန်းတောက်လာသော အာဆီယံနှင့် စိန်ခေါ်မှုဆိုင်ရာ အယ်ဒီတာများ စားပွဲဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က "၂၀၁၅ အလွန်မြန်မာနှင့် အာဆီယံ" အကြောင်း မိန့်ခွန်းတစ်ရပ် ပြောခဲ့သည်။

3rd-ERIA-Editor-Roundtable-Discussion-06

စားပွဲဝိုင်း ဆွေးနွေးပွဲကို လွတ်လပ်စွာ ဆွေးနွေးနိုင်ရန် ဆွေးနွေးပွဲမှ ထွက်ရှိလာသော သတင်းအချက်အလက် များကို လွတ်လပ်စွာ သုံးစွဲနိုင်ပြီး၊ ပြောဆို ဆွေးနွေးသူ မည်သူက ပြောဆိုသည်ဟု မကိုးကားစေသည့် ချက်သမ်ဟောက်စ် ဥပဒေသဖြင့် နိုဝင်ဘာ ၂၅ က တစ်နေကုန်ကျင်းပသော ဆွေးနွေးမှုများတွင် ၂၀၁၅ အာဆီယံအသိုက်အဝန်းနှင့် အာဆီယံ ဥက္ကဋ္ဌသစ် မလေးရှား၊ ထွန်းတောက်လာသော အာဆီယံနှင့် အနာဂတ် စိန်ခေါ်မှုများ၊ အာဆီယံချိတ်ဆက်မှုနှင့် မြန်မာ့အရွေ့၊ အာဆီယံထိုးထွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု အပေါ် အရှေ့ဘက်နှင့် အနောက်ခြမ်းမှ အမြင်များ စသည်ဖြင့် စကားဝိုင်း ဆွေးနွေးမှုများကို ကျင်းပခဲ့သည်။

ပြည်တွင်းမှ ထင်ရှားသည့် သတင်းစာသမားနှင့် မီဒီယာသမားများဖြစ်သော DVB ဦးခင်မောင်ဝင်း၊ မြန်မာတိုင်းမ် ဦးသီဟစော၊ MRTV-4 ဦးခင်မောင်ဌေး စသည့် မြန်မာမီဒီယာသမားများက စကားဝိုင်းဆွေးနွေးပွဲကို ဦးဆောင်သူများအဖြစ် ပါ၀င် ဆောင်ရွက်ကြသည်။

စားပွဲဝိုင်းဆွေးနွေးပွဲတွင် ဒေသတွင်း အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပြီး၊ တောင်တရုတ် ပင်လယ်ကိစ္စကို ပျက်စီး ထိခိုက်စေသည့်အထိ မဖြစ်စေလိုဘဲ ထိခိုက်နာကျင်မှု နည်းနည်းဖြင့် ပြေလည်သွားစေလိုကြောင်း ဆွေးနွေးမှု များလည်း ရှိခဲ့သည်။

မလေးရှား၏ ၂၀၁၅ အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် ၎င်းတို့ ပေးထားသော ဆောင်ပုဒ်ဖြစ်သည့် "ကျွန်ုပ်တို့ ပြည်သူများ၊ ကျွန်ုပ်တို့ အသိုက်အဝန်း၊ ကျွန်ုပ်တို့ မျှော်မှန်းချက် "အတိုင်း ဆောင်ရွက်ရန် ရှိသည်များနှင့် အာဆီယံအသိုက်အဝန်းအကြိုနှစ် ၂၀၁၅ မှာ အရေးပါသော နှစ်တစ်နှစ်ဖြစ်ပြီး၊ စိန်ခေါ်မှုများ ရှိနေသည့်အကြောင်းတို့ကို အကျယ်တဝင့် ပညာရပ်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အသုံးအနှုန်းများ သုံးနှုန်းပြီး ဆွေးနွေးကြသောကြောင့် မြန်မာနိုင်ငံမှ ပြည်သူများ အပါအဝင် မူဝါဒချမှတ်သူများမှာ များစွာ ပြင်ဆင်ရန် လိုအပ်နေကြောင်းကို တက်ရောက်သူအချို့က သုံးသပ်ကြသည်။

မြန်မာသည် ၂၀၁၅ အာဆီယံအသိုက်အဝန်းအတွက် စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့ရဖွယ် ရှိနေပြီး၊ အခြားအာဆီယံနိုင်ငံများကို အမီလိုက်ရန် ပြင်ဆင်ရမည့် ကိစ္စများစွာ ကျန်နေသေးသည်ကို ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက ပြောသည်။ ညနေပိုင်းတွင် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီလောင်မင်းနှင့် အာဆီယံနှင့် အရှေ့အာရှမှ အယ်ဒီတာများ မေးမြန်းဆွေးနွေးခဲ့ကြသည်။

အာဆီယံခေါင်းဆောင်များသည် မြန်မာအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရခဲ့သည့် ၁၉၉၇ က အာဆီယံကို ၂၀၂၀ အရောက်တွင် လူမှုစီးပွား မညီမျှမှု များနှင့် ဆင်းရဲမွဲတေမှုကို လျှော့ချ၍ ညီမျှသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်၊ တိုးတက်၊ ပြိုင်ဆိုင်မှု ပြင်းထန်သော ဒေသ အဖြစ် ကူးပြောင်းနိုင်ရန် သဘောညီခဲ့ကြသည်။

ERIA သည် ၂၀၀၇ စင်ကာပူ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲတွင် အစိုးရခေါင်းဆောင် ၁၆ ဦး သဘောတူညီချက်ဖြင့် စတင် ပေါ်ပေါက် ခဲ့ပြီး၊ ဒေသဆိုင်ရာ သုတေသနများကို ပြုလုပ်သည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အာဆီယံနှင့် အရှေ့အာရှဒေသ၏ စီးပွားရေးဖွံ့ဖြိုးမှု၊ ဒေသတွင်း ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် မူဝါဒရေးရာ အကြံပေးမှုများကို ပြုလုပ်သည်။

Most read this week