ဖွဲ့စည်းပုံကဲ့သို့ အရေးကြီးသည့် မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို အလျင်စလို အတည်မပြု စေလိုဟု မွန်လူမှုအဖွဲ့အစည်းများ ပြော

ဖွဲ့စည်းပုံကဲ့သို့ အရေးကြီးသည့် မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို အလျင်စလို အတည်မပြု စေလိုဟု မွန်လူမှုအဖွဲ့အစည်းများ ပြော
by -
ရွှေဟင်္သာ

စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာ နိုင်ငံ၌ အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) သည် နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြီးနောက် ပြည်သူ များ၏ မြေယာ ပိုင်ဆိုင်မှု အတွက် ဒုတိယ အရေး ကြီးသည့် ဥပဒေ တစ်ရပ် ဖြစ်၍ အလျင် စလို အတည် မပြုပဲ ပြည့်စုံအောင် ရေးသား ပြီးမှ အတည်ပြု စေလိုကြောင်း နိုဝင်ဘာ (၂၂) ရက်နေ့က မွန်ပြည်နယ် မော်လမြိုင် မြို့၌ ကျင်းပ ခဲ့သည့် အမျိုးသား မြေအသုံး ချမှု မူဝါဒ (မူကြမ်း) အကြံပြု ဆွေးနွေးပွဲ အပြီးတွင် မွန်လူမှု အဖွဲ့အစည်း များမှ ပြောကြားသည်။

မွန်ပြည် လူ့အခွင့် အရေး ဖောင်ဒေးရှင်းမှ နိုင်စဝေါမွန်က “မြေအသုံး ချမှု မူဝါဒ ဆိုတာက နိုင်ငံ တခုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီးရင် ဒုတိယ အရေး ကြီးဆုံး မူဝါဒ တခုပဲ၊ ဒီမူကြမ်းက အတိတ် ကာလက ဖြစ်ပွား ခဲ့တဲ့မြေယာ ပြဿနာ တွေကို ဖြေရှင်း ပေးနိုင်တယ် ဆိုတဲ့ဟာ ထည့်ထားခြင်း မရှိဘူး၊ ဆိုတော့ ဒီမူဝါဒကို မပြဌာန်းခင် ဖြစ်ထား ခဲ့တဲ့ မြေယာ သိမ်းဆည်း မှုကို ဘယ်လို ဖြေရှင်း ကြမလလဲ” ဟု ဆွေးနွေးပွဲ အပြီးတွင် ရွှေဟင်္သာ သတင်းဌာန၏ မေးမြန်း ချက်အား ပြန်လည် ဖြေကြား ခဲ့သည်။

phophtaw26-03

ထိုသို့ အတိုင်းအတာ တစ်ခု အထိ ပြီးပြည့် စုံခြင်း မရှိ သေးသည့် အဆိုပါ အမျိုးသား မြေအသုံးချမှု မူဝါဒ မူကြမ်းအား အစိုးရမှ အတည်ပြု ပြဌာန်း နိုင်ရေးကိုသာ ဆောင်ရွက် နေသည်မှာ ၊ နိုင်ငံတကာ ရင်းနှီး မြုပ်နှံံမှု များနှင့် စီးပွားရေး လုပ်ငန်းရှင် ကြီးများ၏ အကျိုး ကိုသာ ရှေးရှူ့၍ လက်ငုတ် လက်ရင်း မြေယာ ပိုင်ဆိုင်ပြီး ၎င်းမြေယာ ပိုင်ဆိုင်ခွင့် အပေါ် အငြင်း ပွားမှု ဖြစ်နေ ရသည့် ပြည်သူ များ၏ ကဏ္ဍကို အစိုးရမှ ဥပက္ခော ပြုရာ ရောက်နေ သည်ဟု နိုင်သဝေါမွန်က ဆက်ပြောသည်။

မြန်မာ နိုင်ငံ မြေယာ ခွဲဝေ အသုံးချမှု စိစစ် ဆောင်ရွက်ရေး ကော်မီတီမှ ရေးဆွဲ ထားကာ ၂၀၁၄ ခုနှစ် အောက်တိုဘာ လတွင် ထုတ်ဝေ ခဲ့သည့် အခန်း (၁၉) ခန်းပါ အမျိုးသား မြေအသုံး ချမှု မူဝါဒ (မူကြမ်း) အား လာမည့် ဒီဇင်ဘာလ မကုန်မီ အတွင်း လွတ်တော်၌ အတည်ပြု ပြဌာန်း နိုင်ရန် အစိုးရမှ စီစဉ် ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတကာ ရင်းနှီး မြုပ်နှံ မှုနှင့် စီးပွားရေး လုပ်ငန်းရှင် များ၏ အခန်း ကဏ္ဍ ကိုသာ ဦးစားပေး ထားကာ အောက်ခြေ လယ်သမား များအား လစ်လျူ ရှူ့ထားသည့် အမျိုးသား မြေအသုံး ချမှု မူဝါဒ (မူကြမ်း) အား ကန့်ကွက်ကြောင်း တိုင်းရင်းသား လူမျိုးများ လူထု ဖွံ့ဖြိုးရေး ဆုံရပ်နှင့် တိုင်းရင်းသားများ ရိုးရာ ဓလေ့ မြေယာ ကာကွယ်ရေး ကော်မီတီမှ နိုဝင်ဘာလ (၆) ရက်နေ့၌ ကြေငြာချက် ထုတ်ပြန် ခဲ့သေးသည်။

အမျိုးသား မြေအသုံး ချမှု မူဝါဒ (မူကြမ်း) အား ရေးဆွဲ ခဲ့စဉ်၌ ရန်ကုန်နှင့် နေပြည်တော် မြို့တို့ရှိ နေရာ (၁၇) ခုတို့အား အခြေခံကာ ရက်အနည်းငယ် အတွင်း လူထုများ ဆီမှ အကြံဉာဏ် ရယူကာ ရေးဆွဲ ထားပြီး ၎င်းမှာ တနိုင်ငံ လုံးရှိ တောင်သူ လယ်သမား များအား လျစ်လျူရှူ့ရာ ရောက်သည့် အပြင် ကိုယ်စားပြုမှု လည်း ပေးနိုင်မည် မဟုတ်ကြောင်း တိုင်းရင်းသား ရိုးရာ ဓလေ့ မြေယာ ကာကွယ်ရေး ကော်မတီ ၏ နိုဝင်ဘာလ (၆) ရက်နေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဆက်လက် ဖော်ပြ ထားသည်။

ရေးမြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင် မင်းအောင်စိုး ကလည်း  “ဒီမူကြမ်းကို ဒီလောက်လေး မျှနဲ့အတည် ပြုလို့ မသင့်သေးဘူး၊တနိုင်ငံလုံးမှာ ရှိတဲ့ပြည်သူ လူထု တွေရဲ့ ဆန္ဒကို ခံယူ ပြီးမှ လုပ်သင့်တယ်၊ ကျနော် တို့မှာတော့ ဒီမူကြမ်းကို တချို့တလေ ကတော့ သိတာပေါ့ တချို့ကတော့ မသိကြဘူး အဲတော့ ကျယ်ကျယ် ပြန့်ပြန့် တိုင်း၊ပြည်နယ်၊ ကျေးရွာ တွေကို ထင်သာ မြင်သာ ပွင့်လင်း စွာနဲ့ ချပြ ပြီးမှ အတည်ပြု သင့်တယ်” ဟု ဆွေးနွေးပွဲ အပြီး ရွှေဟင်္သာ သတင်း ဌာန၏ မေးမြန်း ချက်အား ပြန်လည် ဖြေကြား ခဲ့သည်။

အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို ပြည်သူများ လေ့လာ နိုင်ရန် သစ်တော ရေးရာ ဦးစီး ဌာန ဝက်ဆိုဒ် စာမျက်နှာ ပေါ်တွင်ဖော်ပြ ပေးထား သကဲ့သို့ တိုင်းနှင့် ပြည်နယ်များ အားလုံး တို့တွင် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့ အထိ အကြံပြု ဆွေးနွေးပွဲ များကို လုပ်နေ သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တော ရေးရာ ဝန်ကြီး ဌာန၊သစ်တော ဦးစီး ဌာန ညွှန်ကြား ရေးမှူး ဦးခင်မောင်ဦးက ပြောသည်။

“ကျနော် တို့ကမူဝါဒ (မူကြမ်း) ကိုဝက်ဆိုဒ်မှာ တင်ထား ပေးပါတယ်။ နောက်ပြီးအီးမေးလ် လိပ်စာဖက်စ်နံပါတ်ဖုန်းနံပါတ်တွေ ပေးထား ပါတယ်၊ကျနော်တို့ ဆီကိုအဆက်မပြတ် အကြံ ပြုပါ၊ ကျနော်တို့ ရသမျှ အကြံ ပြုချက်တွေ အားလုံး ကြိုဆိုတယ်၊ အကြံပြုချက် များများ ရလေ ကျနော်တို့ မူကြမ်းက မူချော ဖြစ်ဖို့ ကောင်းလာလေ၊ အဲလို ကောင်းလာရင် နိုင်ငံ ကောင်းဖို့ကို သွားတာ ပေါ့နော်” ဟု ဦးခင်မောင်ဦးက ရွှေဟင်္သာ သတင်း ဌာန၏ မေးမြန်းချက်ကို နိုဝင်ဘာလ (၂၂) ရက်နေ့၌ ပြန်လည် ဖြေကြား ခဲ့သည်။

မြေယာ အသုံးချမှုမူဝါဒ (မူကြမ်း) သည်မြေယာ အသုံးပြု သူများ အကြား သဟဇာတ ဖြစ်အောင်မြေယာ အရင်းအမြစ်ဖွံ့ဖြိုး တိုးတက် ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ရည်ရွယ် သော်လည်း လယ်သမား များအတွက် အကျိုးရှိမရှိ အပေါ် ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးမှ တောင်သူ လယ်သမား ကွန်ရက်များ အရပ်ဖက် လူမှု အဖွဲ့အစည်း များမှ အလုပ်ရုံ ဆွေးနွေး ပွဲများ ကျင်းပပြီး မူကြမ်း အပေါ် လေ့လာ သုံးသပ် မှုများ ဆက်တိုက် လုပ်ဆောင် လာခဲ့ ကြသည်။

နိုဝင်ဘာ၂၂ ရက်နေ့ မွန်ပြည် နယ်တွင် ပြုလုပ် ခဲ့သည့်မြေယာ အသုံး ချမှုမူဝါဒ (မူကြမ်း) အပေါ် အကြံပြု ဆွေးနွေး ပွဲတွင် မွန်ပြည်နယ် ၁၀ မြို့နယ်မှ အထောက် အကူပြု ကိုယ်စား လှယ်များ လူမှု အဖွဲ့အစည်း များမှ တက်ရောက် ခဲ့ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက်နေ့ ၌လည်း မွန်၊ ကရင် ပြည်နယ် များနှင့် တနင်္သာရီ၊ ပဲခူး တိုင်းဒေသကြီး တို့မှ လူမှု အဖွဲ့အစည်း များနှင့် မြေယာ အရေး ကျွှမ်းကျင်သူများ ပါဝင်၍ မြေယာ အသုံးချမှု မူဝါဒ (မူကြမ်း) အား သုံးသပ်သည့် ဆွေးနွေးပွဲ တစ်ရပ်အား မော်လမြိုင် မြို့၌ပင် ပြုလုပ် ခဲ့ပြီး ဖြစ်သည်။

Most read this week