မွန်ပြည်သစ် မြေမြုပ်မိုင်း အသုံးမပြုရေး Geneva Call နှင့် လက်မှတ် မထိုးဖြစ်၊ PNLO ကလေးစစ်သား အသုံးမပြုရေး လက်မှတ် ရေးထိုး

မွန်ပြည်သစ် မြေမြုပ်မိုင်း အသုံးမပြုရေး Geneva Call နှင့် လက်မှတ် မထိုးဖြစ်၊ PNLO ကလေးစစ်သား အသုံးမပြုရေး လက်မှတ် ရေးထိုး
by -
ရွှေဟင်္သာ

Geneva Call နှင့် လက်မှတ် ရေးထိုး ထားသည့် အဖွဲ့ များ၏ တတိယ အကြိမ် အစည်း အဝေးတွင် မွန်ပြည်သစ် ပါတီ (NMSP) အနေနှင့် မြေမြုပ်မိုင်း အသုံး မပြုရေး အတွက် သဘောတူ စာချုပ်အား လက်မှတ် မရေးထိုး နိုင်ခဲ့ပြီး ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ကမူ ကလေး စစ်သား  အသုံး မပြုရေး အတွက် သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်း အစည်း အဝေးအား တက်ရောက် ခဲ့ကြသည့် သက်ဆိုင်ရာ အဖွဲ့များမှ တာဝန်ရှိသူ များက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၂၅) ရက်နေ့ တွင် ပြောကြား ခဲ့သည်။

ထိုသို့ မြေမြုမိုင်း အသုံး မပြုရေး အတွက် လက်မှတ် ရေးထိုး နိုင်ရန်မှာ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် စစ်ရေး ပဋိပက္ခ အခြေအနေ များနှင့် ချင့်ချိန် နေရကာ ငြိမ်းချမ်ရေး လုပ်ငန်းစဉ် မသေချာ သေးသည့် ကာလ၌ လက်မှတ် ထိုးနိုင် သေးမည် မဟုတ်ကြောင်း အစည်းအဝေးအား တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် လယီဂကောင်းက ပြောသည်။

phophtaw2601

“အခု ကျွန်တော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စဟာ ဘယ်အချိန်မှ ပြီးစီး မလဲ မသိဘူး။ ဒီကြားထဲ လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာ ကြရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် မြေမြုပ် မိုင်းတွေ သုံးရမယ်၊ လိုအပ်မှ ကျွန်တော်တို့ သုံးတာပါ။ ပြည်သူ လူထုကို ထိခိုက် နစ်နာ စေတဲ့ ရည်ရွယ်ချက်နဲ့ သုံးတာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ် လယီဂကောင်းက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ပြောကြား ခဲ့သည်။

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ အစည်း မဝေး စတင် ကျင်းပ ခဲ့သည့် နိုဝင်ဘာလ (၁၇) ရက်နေ့၌ လက်နက်ကိုင် ပဋိပက္ခ အတွင်း ကလေး သူငယ် များအား အကာ အကွယ် ပေးရေး အပါအဝင် ကလေး စစ်သား အသုံး မပြုရေးနှင့် ပတ်သက်၍ သဘောတူ ပဋိဉာဉ် စာချုပ်ကို Geneva Call အဖွဲ့နှင့် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၂၅) ရက်နေ့က ပြောကြား ခဲ့သည်။

ထိုသို့ လက်မှတ် ရေးထိုး ရခြင်း မှာလည်း အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ၌ ကလေး စစ်သား အသုံးမပြု ရေးနှင့် ပတ်သက်၍ ရေးဆွဲ ပြဌာန်း ထားသည့် အချက် များနှင့် ကိုက်ညီမှု ရှိ၍ လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

“၂၀၀၉ ခုနှစ်မှာ ညီလာခံ ခေါ်ပြီးတော့ PNLO ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲ ပါတယ်၊ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာကိုက အသက်အရွယ် မရောက်သေးတဲ့ ၊ အသက် မပြည့်တဲ့ သူတွေကို အဖွဲ့ဝင် ဖြစ်ခွင့် မပေးပါဘူး၊ ကျွန်တော်တို့ အဖွဲ့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကို တားမြစ် ထားချက် ဖြစ်ပါတယ်၊ ဒီလို ကျနော်တို့ မူတွေ နဲ့လည်း ကိုက်ညီလို့ လက်မှတ် ရေးထိုးခြင်း ဖြစ်တယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO အနေဖြင့် ၂၀၀၉ ခုနှစ်၌ လက်နက်ကိုင် တပ်အဖြစ် ပြန်လည် စုဖွဲ့ နိုင်ခဲ့ ပြီးနောက် ဤသို့ နိုင်ငံ တကာ အဖွဲ့ အစည်း တစ်ရပ်နှင့် ကလေး စစ်သား အသုံး မပြုရေး အပါအဝင် လက်နက်ကိုင် ပဋိပက္ခ အတွင်း ကလေး သူငယ် များကို အကာအကွယ် ပေးရေး သဘောတူ စာချုပ် ချုပ်ဆို နိုင်ခဲ့ သည်မှာ ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

မွန်ပြည်သစ် ပါတီ အနေဖြင့်မူ ကလေးစစ်သား အသုံးမပြု ရေးနှင့် ပတ်သက်၍မူ ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်တွင် Geneva Call အဖွဲ့နှင့်သဘောတူ လက်မှတ် ရေးထိုး ထားခဲ့ပြီး ဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခ အတွင််း ကလေး သူငယ် များအား အကာ အကွယ် ပေးရေးနှင့် ကလေးစစ်သား အသုံး မပြုရေးနှင့် ပတ်သက်၍ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် အခြား ကရင် အမျိုးသား အစည်းအရုံး (KNU), ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့သည် Geneva Call အဖွဲ့နှင့် သဘောတူ လက်မှတ် ရေးထိုး ထားကြပြီး ဖြစ်သည်။

Geneva Call အဖွဲ့သည် နိုင်ငံတကာ စံညွှန်း များနှင့် အညီ မြေမြုပ်မိုင်း အသုံး မပြုရေး ဆိုင်ရာ သဘော တူညီချက်၊ ကလေး စစ်သား အသုံး မပြုရေး ဆိုင်ရာ သဘော တူညီချက်၊ အမျိုးသမီး များအား လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုနှင့် ကျား/မ ခွဲခြားရေး သဘော တူညီချက် စသည့် စာချုပ် သုံးရပ် တို့အား ထားရှိ ထားသည်။

၎င်းအား အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့ အစည်း များမှ ၎င်းစာချုပ် သုံးရပ် အပေါ် လက်မှတ် ရေးထိုး နိုင်ရေးနှင့် လိုက်နာ ကျင့်သုံး နိုင်ရန် သဘောတူ လက်မှတ် ရေးထိုး နိုင်ရန် အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းကာ Geneva Call အဖွဲ့မှ အကောင်အထည် ဖော်နေလျက် ရှိသည်။

ယခု ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ မြို့၌ နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၁) ရက်နေ့ အထိ ကျင်းပ ခဲ့သည့်Geneva Call အဖွဲ့နှင့် လက်မှတ် ရေးထိုး ထားသည့် အဖွဲ့ များ၏ တတိယ အကြိမ် အစည်း အဝေး၌ အဆိုပါ စာချုပ် သုံးရပ်နှင့် ပတ်သက်၍ မြန်မာ နိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် နိုင်ငံတကာရှိ လက်နက်ကိုင် အဖွဲ့ များအား ဖိတ်ခေါ်၍ (၄) ရက်တာ အစည်းအဝေး ကျင်းပ ခဲ့သည်။

ထို တတိယ အကြိမ် အစည်း အဝေးအား မြန်မာ အပါအဝင် ထိုင်း၊ အန္ဒိယ၊ အာဖရိက၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဆီးရီးယား၊ အရှေ့ အလယ်ပိုင်း ဒေသရှိ နိုင်ငံ များတို့မှ လက်နက်ကိုင် အဖွဲ့အစည်း များ၏ ကိုယ်စား လှယ်ပေါင်း (၈၀) ကျော် တက်ရောက် ခဲ့ကြသည်။

အလားတူပင် ၎င်းအစည်းအဝေး အားလည်း ကုလသမဂ္ဂ လက်အောက်ခံ သက်ဆိုင်ရာ ဌာနများမှ ကိုယ်စား လှယ်များ၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့မှ ကိုယ်စားလှယ် များလည်း ပါဝင် တက်ရောက် ခဲ့ကြသည်။

၂ဝ၁၁ ခုနှစ် ကတည်း ကပင် Geneva Call မှ NMSP, KNU, KNPP, PSLF, CNF, LDU, PNLO, SSA-S, KIO အဖွဲ့ အစည်း (၉) ဖွဲ့ တို့နှင့် တွေ့ဆုံ ခဲ့ပြီး မြေမြှုပ်မိုင်း အသုံး မပြုရေး ကိစ္စ၊ စစ်ပွဲများ အတွင်း ကလေး စစ်သားများ အသုံးမပြု ရေးနှင့် ကလေးသူငယ်များ အကာအကွယ် ပေးရေး ကိစ္စ၊စစ်ပွဲများအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပွဲများ ပြုလုပ် နိုင်ခဲ့ သည်ဟု Geneva Call ၏ မှတ်တမ်း များအရ သိရှိ ရသည်။

Geneva Call အဖွဲ့သည် ဆွစ်ဇာလန် တရား ဥပဒေ အောက်တွင် တည်ထောင် ထားသည့် အစိုးရ မဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း တရပ် ဖြစ်ပြီး ရုံးချုပ်မှာ ဂျီနီဗာ မြို့၌ တည်ရှိသည်။