ဂျာမန် ဆရာဝန်များပါ၀င်သော Free Medical Treatment World chefs without borders အဖွဲ့မှ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲများကို သံတွဲဆေးရုံတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ရ ရက်နေ့ထိ အခမဲ့စစ်ဆေးခွဲစိပ် ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“နားရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီကျိတ်၊ ပုံစံမမျှတတာတွေကို ဆရာဝန်ကြီး တွေက အခမဲ့ စစ်ဆေးကုသပေးပါတယ်။ အခုကတည်းက လူနာတွေအနေနဲ့ သံတွဲဆေးရုံကို လာပြပြီး စာရင်း သွင်းထားလို့ ရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ရ ရက်နေ့အထိ ခွဲစိပ်ကုသပေးပါလိမ့်မယ်” ဟု စီစဉ်သူ ဒေါ်ခက်ခက်က ပြောသည်။
အစက သံတွဲတွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၈ ရက်နေ့ထိ ခွဲစိပ် ကုသပေးရန် ကြော်ငြာထားသော်လည်း စစ်တွေမှာ လူနာများနေသဖြင့် သံတွဲတွင် ဒီဇင်ဘာလ တစ်ရက်နေ့မှသာ စတင်ကုသနိုင်မည်ဟု ဆိုသည်။
“ စစ်တွေမှာ လူနာတွေ အရမ်းများတဲ့ အတွက် ဟိုမှာ ပိုပြီး ရက်တိုးယူရတယ်။ ဒီဇင်ဘာလ တစ်ရက်မှာ စတင်ကုသမှာ ဖြစ်ပေမယ့် လာပြတဲ့ လူနာတွေ အားလုံးကို စစ်ဆေးပြီး အခုအချိန်က ရက်ချိန်းပေးနေပါတယ်” သူမက ဆိုသည်။
ဂျာမန်ဆရာဝန် ၄ ဦး ရောက်ရှိ တည်းခိုနေသော ငပလီမြို့ပြင်ရပ်ကွက်သို့ သွားရောက်မေးမြန်းကြည့်သောအခါ ယင်း ဆရာဝန် ၄ ဦးမှာလည်း စစ်တွေတွင် လူနာများနေသဖြင့် သံတွဲတွင် ကုသမည်ကို ခေတ္တရပ်နားပြီး စစ်တွေသို့ ထွက်ခွာသွားသည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“အခုတော့ ဒီမှာစာရင်းပေးသွင်းလို့ရပါတယ်။ သံတွဲဆေးရုံမှာလည်းစာရင်းပေးရင် ရပါတယ်။ အခုတော့ ဒေသခံတွေဖြစ်တဲ့ ဂျိတ္တော နာရေး ကူညီမှု အသင်းက လိုအပ်တဲ့ကူညီမှုတွေကို လုပ်ပေးနေကြပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ သံတွဲမြို့တွင် ကုသမည့် လူနာ ၁၂၀ ခန့်စာရင်း ပေးသွင်းထားပြီ ဖြစ်ကြောင်း သိရသည်။