အမျိုးသားပညာရေး ဥပဒေဆန့်ကျင် ဆန္ဒပြမှု ရပ်ဆိုင်းထားချိန်တွင် စည်းရုံးရေးဆင်းမည်

အမျိုးသားပညာရေး ဥပဒေဆန့်ကျင် ဆန္ဒပြမှု ရပ်ဆိုင်းထားချိန်တွင် စည်းရုံးရေးဆင်းမည်
by -
မဇ္စျိမ

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ ရပ်ဆိုင်းထားသည့် ရက် ပေါင်း ၆၀ အတွင်း လူထုထောက်ခံမှုရရှိ အောင်စည်းရုံးရေးနှင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းက မဇ္ဈိမကို ပြောသည်။

“လက်ရှိမှာတော့ ဒီရက်ပေါင်း ၆၀ အတွင်းမှာ ဘာလုပ်မယ်ဆိုတဲ့ Work Plan တစ်ခုကို ရေးဆွဲနေပါတယ်။ ဒီရက်ပိုင်းအတွင်း အဖြေထွက်မှာပါ။ အဓိကကတော့ လူထုထောက်ခံမှု၊ ရဟန်းသံဃာ ထောက်ခံ မှု၊ ကျောင်းသားထုထောက်ခံမှုရရှိဖို့က အရေးကြီးပါတယ်။ ဒါတွေ ရရှိအောင် ပြုလုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း စီတန်းလှည့်လည်၍ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

အတည်ပြု ပြဋ္ဌာန်းပြီးသည့် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် ဟော ပြောမှုများ အပါအဝင် စည်းရုံးဟောပြောခြင်း လုပ်ငန်းများကို တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့များတွင် ဆောင်ရွက်သွားမည် ဟု ဆန္ဒပြရာတွင် ဦးဆောင်လှုပ်ရှားခဲ့သည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကော်မတီဝင် ကိုဇေယျာလွင်က မဇ္ဈိမကို ပြောသည်။

“ထားဝယ်က သိပ်မကြာခင်ကာလမှာ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေးဥပဒေအခန်း ကဏ္ဍကို သူတို့ ဆွေးနွေးပွဲတွေ၊ အစည်းအဝေးကြီးတွေ လုပ်ကြလိမ့်မယ်။ အဲဒီလိုပွဲတွေဖြစ်လာအောင် ကျွန်တော်တို့ သွားပြီး စည်းရုံးလှုံ့ ဆော်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပညာရေးဥပဒေနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ၁၅ ဦးသည် နိုဝင်ဘာ ၂၀ ရက်က စတင်ပြီး ထားဝယ်၊ မြိတ်၊ မြင်းခြံ၊ မကွေး၊ မုံရွာ၊ မော်လ မြိုင် အစရှိသည့် မြို့များသို့ အဖွဲ့လိုက်သွားရောက်ကာ ယင်းဒေသများရှိ ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ကျောင်းသားများနှင့် တွေ့ဆုံပြီး စည်းရုံးဟောပြောခြင်းများ ဆောင်ရွက်သွားမည်ဟု ကိုဇေယျာလွင်က ဆိုသည်။

“ပြောထားတဲ့ ရက်ပေါင်း ၆၀ အတွင်း မှာ တုံ့ပြန်မှုမရှိရင်တော့ ဘာလုပ်မယ်ဆိုတာကို သီးခြားစဉ်းစား ထားတာလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ ၄ ရက်လုပ် ခဲ့တဲ့ လှုပ်ရှားမှုထက် ပိုမိုကြီးမားကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေ လုပ်မယ်ဆိုတာကတော့ သေချာပါတယ်”ဟု ကိုအောင်မှိုင်းဆန်းက ပြောသည်။

ယင်းကဲ့သို့ ကျောင်းသားများ ကန့် ကွက်နေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်း လိုက်သည့် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်၍ ဒီမိုကရေစီပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် ပြည်သူများက နားလည်လက်ခံ ပေးရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် မဖြိုးဖြိုးအောင်က “လှုပ်ရှားမှုတွေကတော့ မပြတ်ဘဲ ဒီအတိုင်း ဆက်ရှိသွားမယ်” ဟု ပြောသည်။

အဆိုပါပြဋ္ဌာန်းလိုက်သည့် အမျိုးသား ပညာရေးဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများပါ၀င်နေခြင်း၊ ဒီမိုကရေစီ မဆန်ခြင်း၊ လူ့အခွင့်အရေး တန်းတူညီမျှမှု မရှိခြင်း၊ ငြိမ်း ချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက် မပေးနိုင်ခြင်းစသည့် အချက်များ ပါ၀င်နေ သည်ဟု ဆိုသည်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်သည့် ကျောင်းသားထု၏ သပိတ်ကို နိုဝင်ဘာ ၁၄ ရက်က စတင်လိုက်ပြီး နိုဝင်ဘာ ၁၇ ရက်အထိ လေးရက်တိုင် ဆန္ဒပြခဲ့သည်။