စစ်ရေးအမြင်ရှိမှ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မည်ဟု မန္တလေး NDF ပါတီဥက္ကဋ္ဌ ဆို

စစ်ရေးအမြင်ရှိမှ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မည်ဟု မန္တလေး NDF ပါတီဥက္ကဋ္ဌ ဆို
by -
မဇ္စျိမ

စစ်ရေးအမြင်မရှိဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ပါက ထာဝရငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ NDF ဥက္ကဋ္ဌ ဦးကျော်အောင်က နိုဝင်ဘာ ၂၄ ရက် တွင် မန္တလေးတိုင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အစည်းအဝေး ခန်းမတွင်ပြုလုပ်သော မန္တလေး အခြေစိုက်ပါတီများ စုပေါင်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ရန် သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။

“နိုင်ငံရေး ပါတီအများစု အနေနဲ့ စစ်ရေး အမြင်မရှိဘဲ ငြိမ်းချမ်းရေးကို ပြောလို့ မရပါဘူး။ စစ်ရေးအမြင် ကို နိုင်ငံရေးအမြင်နဲ့ ဖြေရှင်းလို့ အဆင်မပြေပါဘူး” ဟု ဦးကျော်အောင်က ပြောသည်။

တစည ပါတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ပြည်သူလူထု၏ ဘုံထွက်ပေါက်နှင့် ဘုံရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေး ရရန်ဖြစ်သည်။ လက်ရှိ အခြေအနေသည် ငြိမ်းချမ်းရေး အတွက် အလားအလာကောင်း များရှိနေချိန်တွင် ငြိမ်းချမ်းရေး မတည် ဆောက်နိုင်ပါက မည်သည့်အစိုးရ တက်တက် ငြိမ်းချမ်းရေးနှင့် ဝေးနေဦးမည်ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများသည် ငြိမ်းချမ်းရေး တွေ့ဆုံမှုများကို သုံးသပ်ရာ၌ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်းများမှာ ရတော့မလိုလိုနှင့် နီးလျက်နှင့် ဝေးနေကာ အလှမ်း ကွာဝေးမှုများ ဖြစ်နေကြောင်း၊ ငြိမ်းချမ်းရေး အတွက် နှစ်ဖက်ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် အပေးအယူ အားနည်းနေကြောင်း ဦးကျော်အောင် က သုံးသပ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မန္တလေးတိုင်း အခြေစိုက်ပါတီများဖြစ်သော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရက် တစ်ပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ စသည့် ပါတီများ တက်ရောက်ခဲ့သည်။

Most read this week