လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် လိုင်ဇာမှ ကျဆုံး ဗိုလ်လောင်းများအတွက် ဆုတောင်း ပွဲပြုလုပ်

လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် လိုင်ဇာမှ ကျဆုံး ဗိုလ်လောင်းများအတွက် ဆုတောင်း ပွဲပြုလုပ်
by -
မဇ္စျိမ

ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံထဲရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းမှ ကျဆုံးသွားသည့် ဗိုလ်လောင်းများအတွက် ဂုဏ်ပြုခြင်းနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း အခမ်းအနားကို  တိုင်းရင်းသား လူငယ်များက နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက စုပေါင်းပြုလုပ်ခဲ့သည်။

အဆိုပါ ဆုတောင်းပွဲတွင် Peace (ငြိမ်းချမ်းရေး) စာလုံးကို ဖယောင်းတိုင်ဖြင့် ပုံဖော်ကာ တိုင်းရင်းသား လူငယ်များက ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

19-17-KIA-Army-Fatality-Prayer-03-s

အဆိုပါ ဆုတောင်းပွဲတွင် ပါဝင်သူ ကချင်လူငယ်မနန်စီက "လိုင်ဇာမှာ  တိုင်းရင်းသားတွေ ကျဆုံးသွားတဲ့ အတွက် ကွဲပြားနေတဲ့ လူနည်းစု တိုင်းရင်းသားတွေ တစ်စုတစ်စည်းတည်း ဖြစ်လာတယ်။ နောက်ထပ်လည်း ငြိမ်းချမ်းရေး ကန်ပိန်းတွေလုပ်ဖို့ စုစည်းမှုပိုရလာတယ်" ဟုပြောသည်။

အဆိုပါ ဆုတောင်းပွဲတွင် ကယန်း၊ တအာင်း တိုင်းရင်းသားလူငယ်များနှင့် သံဃာတော်များ၊ ကချင် လူငယ်များ၊ ရခိုင်လူငယ်များ ပါဝင်သည်။

အဆိုပါ ဆုတောင်းပွဲမှာ ဆုတောင်းပွဲဖြစ်သည့်အတွက် ခွင့်ပြုချက် မတင်ခဲ့ဟုလည်း မျိုးချစ်ရခိုင် လူငယ်များ အင်အားစုမှ ကိုဇော်လင်းအောင်က ဆိုသည်။

၎င်းက"ကျွန်တော်တို့ သူငယ်ချင်းတွေ လိုင်ဇာမှာ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်။ မထင်မှတ်တဲ့အချိန်မှာ ဖြိုခွဲခံလိုက်ရတာ ဝမ်းနည်းတယ်။ အခုကငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့ လက်နက်မပါဘဲ ကျွန်တော်တို့လာဆုတောင်းတာပါ" ဟု ပြောသည်။

လိုင်ဇာတွင် ကျဆုံးသွားသည့် ဗိုလ်လောင်းများအတွက် ရက်လည်ဆွမ်းကျွေးခြင်းကိုလည်း ယနေ့ဆုတောင်းပွဲလုပ်ခဲ့သည့် လူငယ်များ ဦးဆောင်ပြီး နိုဝင်ဘာ၂၆ ရက်တွင် ထပ်မံပြုလုပ်မည် ဖြစ်သည်။

နိုဝင်ဘာ ၁၉ ရက်က ကေအိုင်အေဌာနချုပ် တည်ရှိရာ လိုင်ဇာအနီး ဗိုလ်သင်တန်းကျောင်းသို့ အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့သည်။

အဆိုပါ ဗိုလ်လောင်းများအတွက် ဆုတောင်းမှုနှင့် စစ်သင်တန်းကျောင်းကို ပစ်ခတ်မှုအား ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ခု ကိုလည်း  နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး စင်တာရှေ့တွင် ပြုလုပ်ခဲ့သေးသည်။

Most read this week