လိပ်ကျွန်း အမှု အာမခံ ရရေး မြန်မာ သံရုံးက တာဝန် ယူကာ နိုဝင်ဘာ (၂၆) ရက်နေ့ သွားရောက် လျှောက် ထားမည်

လိပ်ကျွန်း အမှု အာမခံ ရရေး မြန်မာ သံရုံးက တာဝန် ယူကာ နိုဝင်ဘာ (၂၆) ရက်နေ့ သွားရောက် လျှောက် ထားမည်
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ ကော့စမွီရှိ လိပ်ကျွန်း လူသတ်မှု၍ တရားခံ အဖြစ် စွပ်စွဲ ခံထား ရသည့် မြန်မာ နိုင်ငံသား နှစ်ဦးအား အာမခံ ယူရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးမှ ဆုံးဖြတ်ကာ ကုန်ကျ စရိတ်ကို မြန်မာ သံရုံးမှ တာဝန်ယူ ရှာဖွေ ပေးမည် ဖြစ်ကြောင်း လိပ်ကျွှန်း လူသတ်မှု အတွက် အမှုမှန် ပေါ်ရေး ကြိုးပမ်း နေသည့် မြန်မာ သံရုံးမှ အတွင်းဝန် ဦးထွန်းအေးက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၂၄) ရက်နေ့က ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ စီစဉ် နေပါတယ်၊ ဒီ (၂၆) ရက်နေ့ ကျရင် အာမခံ သွားလျှောက်ဖို့ ရှိပါတယ်၊ ဒီကိစ္စတွေ အားလုံး ကိုလည်း သံအမတ်ကြီး ကိုယ်တိုင် ကိုင်တွယ်ပြီး ဝိုင်းဝန်း လုပ်ဆောင် ပေးနေပါတယ်” ဟု ထိုင်းနိုင်ငံ မြန်မာ သံရုံးမှ အတွင်းဝန် ဦးထွန်းအေးက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

phophtaw25-02

ပြီးခဲ့သည့် စက်တင်ဘာလ (၁၄) ရက်တွင် ဗြိတိသျှ စုံတွဲ ကမ္ဘာလှည့် ခရီးသည် နှစ်ဦးအား သတ်ဖြတ် ခဲ့သည့်လူသတ် တရားခံ များအဖြစ် စွပ်စွဲ ခံထား ရသည့် မြန်မာ နိုင်ငံသား ရခိုင် လူမျိုး နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းဦး တို့ နှစ်ဦး အာမခံ ရရှိရေး အတွက် လာမည့် လာမည့် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် သွားရောက် လျှောက်ထားရန် စီစဉ်ခြင်း ဖြစ်သည်။

အဆိုပါ အာမခံ ရရှိရေး အတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅) သိန်းထက် မနည်း လျောက် ထားရမည် ဖြစ်သော်လည်း ယခု အမှုတွင် နှစ်နိုင်ငံ၊ သုံးနိုင်ငံ အစိုးရ တို့အကြား ဖြစ်ပွား နေသည့် အမှု ဖြစ်ခြင်းနှင့် ပစ်မှု စွဲချက် (၃) လေးခုဖြင့် စွဲဆို ထားသော အမှု ဖြစ်ခြင်း တို့ကြောင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅) သိန်းထက် ကျော်လွန်၍ အာမခံကြေး တင်နိုင် မှသာ အာမခံ ရရန် သေချာ နိုင်ဖွယ် ရှိကြောင်း သံရုံးမှ ဖွဲ့ထားသည့် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ရှေ့နေ ဦးအောင်မျိုးသန့်က က ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ပြောကြား ခဲ့သည်။

ထို့ပြင် ထိုင်းလွှတ်တော်၏ ဖိတ်ကြား ချက်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် လိပ်ကျွှန်း လူသတ်မှုနှင့် ဆက်စပ်၍ ယနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့၌ ထိုင်းလူ့အခွင့်အရေး ကော်မရှင် အကြီးတန်း အကြံပေး အရာရှိနှင့် ထိုင်းရှေ့နေများ ကောင်စီမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ အမှုအား တရား ဥပဒေ အတိုင်း ဖြစ်စေရန် ဆွေးနွေး ခဲ့ကြောင်း အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် တဦး ဖြစ်သည့် ဦးထူးချစ် ကလည်း ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၄) ရက်နေ့က ပြောကြား ခဲ့သည်။

“အမျိုးသား လွှတ်တော် အနေနဲ့ ကတော့ ဒီမှာ လုပ်နေတဲ့ အဖွဲ့ အစည်း တွေနဲ့ ဒီမှာ ရှိနေတဲ့ အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် တွေနဲ့ တွေ့ပြီးတော့ သူတို့ကို ဒီက ရရှိတဲ့ အခြေအနေကို တင်ပြတယ်၊ နောက်တစ်ခုက ကလေးတွေကို ဥပဒေ အတိုင်း ဖြစ်ဖို့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့တဲ့ အခါမှာ တင်ပြဖို့ အဲဒါတွေ ဆွေးနွေး ဖြစ်ခဲ့တယ်” ဟု ဦးထူးချစ်က ပြောသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသည့် လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့မှ စီးပွားရေးနှင့် ဥပဒေ အကြံပေး အရာရှိ နှစ်ဦး ဖြစ်သည့် ဦးကိုကိုမောင်နှင့် ဦးဆန်းလွင် တို့ နှစ်ဦးလည်း ပါဝင်၍ ထိုင်းနိုင်ငံ ကောစမွီ အကျဉ်းထောင်၌ အာမခံ သွားရောက် လျှောက်ထားရန် စီစဉ် ထားကြောင်း အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးကျော်သောင်းကလည်း ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ပြောသည်။

“သူတို့ (ဦးကိုကိုမောင်နှင့် ဦးဆန်းလွင်) နှစ်ယောက်က လေ့လာသူ အနေနဲ့ လိုက်မှာ ၊ ကနေ့ ထိုင်းရှေ့နေများ ကောင်စီနဲ့ တွေ့ကြ တာက အမှုကို စွဲချက် တင်ထားတဲ့ အပေါ် အလုပ် သဘော ဥပဒေ အကြောင်း အရာ ရှူ့ထောင့် အမျိုးမျိုးနဲ့ သုံးသပ်ပြီး ဆွေးနွေး ခဲ့ကြတယ်” ဟု ဦးကျော်သောင်းက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၄) ရက်နေ့၌ ပြောကြား ခဲ့သည်။

ယမာန်နေ့ နိုဝင်ဘာလ (၂၄) ရက်နေ့၌ ဦးခင်အောင် မြင့်သည် အမျိူးသား လွတ်တော်မှ အမှု ကိစ္စ အတွက် ဆောင်ရွက် ပေးနေသည့် အထူး စုံစမ်း စစ်ဆေးရေး ကော်မီတီ၏ လုပ်ငန်း များအတွက် အသုံးပြု နိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ( ၁၅၀၀၀) ( ဒေါ်လာ တစ်သောင်းခွဲ တိတိ) အား ပေးအပ် လှူဒါန်း ခဲ့သည်။

ဆက်လက်၍ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် နိုဝင်ဘာလ (၂၅) ရက်နေ့၌ ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ရှိပြီး ထိုတွေ့ဆုံ စဉ်၌ ၎င်းအမှုအား တင်ပြ ဆွေးနွေးမည် ဖြစ်ကြောင်းလည်း ဦးအောင်မျိုးသန့်က ဆက်ပြောသည်။

“ဒီကိစ္စ ကိုလည်း သူ့ (ဦးခင်အောင်မြင့်) အနေနဲ့ ၊ ပြောသင့် သလောက်တော့ ပြောမှာပါ၊ အားလုံး ပြောမှာတော့ မဟုတ် ရင်တောင် ပြောသင့် သလောက် ပြောမှာပါ” ဦးအောင်မျိုးသန့်က ရွှေဟင်္သာ သတင်း ဌာနအား ပြောကြားသည်။

ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ် မှု၌ တရားခံဟု ထိုင်းအာဏာ ပိုင်များက စွပ်စွဲ ထားသည့် မြန်မာ နိုင်ငံသား နှစ်ဦး၏ အမှုအား ပြီးခဲ့သည့် နို၀င်ဘာ၂၀ ရက်တွင် ကော့စမွီ ခရိုင် တရား ရုံး၌ စတုတ္ထ အကြိမ် ကြားနာ ခဲ့ရာတွင် ထိုင်းအာဏာပိုင် များက အမှု ဆက်လက် တည်ဆောက်ရန် ပဥ္စမ ရမန် ထပ်မံ တောင်းဆိုပြီး ၎င်းတို့ နှစ်ဦးအား အာမခံ ပေးရန် တရားရုံးမှ ခွင့်ပြု ခဲ့သည်။