မြန်မာအစိုးရ စစ်တပ်ဘက်မှ ပစ်ခတ်မှုများ ဆက်လက်ရှိနေပြီး စစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြား စစ်ရေးတင်းမာမှုများ ရှိနေသဖြင့် ကျေးရွာနှစ်ရွာ ပြောင်းရွှေ့နေရသည်ဟု ကေအိုင်အို ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမကို ပြောသည်။
“စစ်ရေးတင်းမာတယ်လို့ ပြောရမှာပေါ့။ ဒီနေ့တော့ ပစ်တာမကြားသေးဘူး။ ဒါပေမဲ့ ၂၂ ရက်နေ့ကနေ စပြီးတော့ ညနေပိုင်း တပ်မဟာ သုံးဂွင်မှာ ပစ်တာမျိုးရှိတယ်။ ၂၃ ရက် မနက် ၄ နာရီမှာ ဒီဗဟိုဒေသမှာ ပစ်တာမျိုးရှိတယ်။ မနေ့က ၂၃ ရက် ည ၅ နာရီ ကျော်ကျော်လောက်မှာ တပ်မဟာ ၃ ကျွန်တော်တို့ တပ်ခစခန်းရှိရာဘက်ကို နေရာအနှံ့ လက်နက်ကြီးနဲ့တော့ ပစ်တာမျိုးရှိခဲ့တယ်”ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၂၂ ရက်က ကေအိုင်အေ တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၁၅နယ်မြေရှိ အင်ခေါင်းပါ စစ်ပြေး ဒုက္ခသည်စခန်းရှိာသို့ အစိုးရ၏ ဘွမ်ပေါ်ဘွမ်ရှိ ခမရ တပ်ရင်း ၄၃၇မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရှိခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်ကလည်း လိုင်ဇာမြို့ အနောက်ဘက် ခယာဘွမ်၊ ဖုန်းပျဉ်ဘွမ် တောင်ဘက်မှ အစိုးရ တပ်ရင်း ခမရ ၃၈၉ နှင့် ခလရ ၅၆ တပ်ဖွဲ့များက ပစ်ခတ်မှု ရှိသည်ဟု ဆိုသည်။ ထို့ပြင် မြစ်ကြီးနားနှင့် ဗန်းမော်ကားလမ်းပေါ်ရှိ ကျေးရွာများ၌လည်း ညနေ ၆ နာရီမှ စတင်၍ အပြင်မထွက်ရန်နှင့် အပြင်ထွက်ပါက ပစ်ခတ်မည်ဟု အစိုးရက သတိပေးမှုများလည်း ရှိသည်ဟု ဦးလနန်က ဆိုသည်။
ယင်းကြောင့် မိုးမောက်မြို့နယ်မှ အိမ်ခြေ ၃၀ ခန့်ရှိသည့် ဘွမ်ကထောင်ကျေးရွာနှင့် အိမ်ခြေ ၂၀ ခန့်ရှိသည့် မိုင်ကျကျေးရွာတို့မှ ကျေးရွာသား များမှာ အဆိုပါရွာမှ ငါးမိုင်ကျော် ဝေးသည့် မိုင်ဂျာယန်အနီး အင်ခေါင်းပါ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ရန် နိုဝင်ဘာ ၂၄ ရက်က ပြောင်းရွှေ့ရန် KIO ၏ ဒုက္ခသည်များ စောင့်ရှောက်ရေး ကော်မတီက ညွှန်ကြားထားသည်ဟု ကော်မတီတာဝန်ခံ အရပ်ဘက်အရာရှိ ဆလန်ကဘား ဒွဲပီဆာက မဇ္စျိမကို ပြောသည်။
"အင်ခေါင်းပါ ဒုက္ခသည်စခန်းကိုလည်း အခြေအနေစောင့်ကြည့်ပြီး သတိနဲ့နေကြဖို့ ပြောထားတယ်။ ဒုက္ခသည်တွေ က ကြောက်နေကြတယ်” ဟု သူက ပြောသည်။
အင်ခေါင်းပါ ဒုက္ခသည် စခန်းတွင် ဒုက္ခသည်ပေါင်း ၃၀၀၀ကျော် ရှိပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လက အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုးမောက်မြို့နယ်အတွင်းက ဆန်ဂန်ကျေးရွာ၊ ဂေါင်ရီက ရွန်ဒေသတို့ဘက် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည်များ ခိုလှုံလျက်ရှိသည်။
စစ်ရေးတင်မာလျက်ရှိသည့် လိုင်ဇာရှိ ဒုက္ခသည်များကို လူသားချင်းစာနာမှု ပစ္စည်းများကို အောက်တိုဘာ ၂၇ ရက်က စတင်ကာ ထောက်ပံ့ မည်ဟု မြစ်ကြီးနားမြို့ရှိ ကုလသမဂ္ဂအကူအညီပေးရေး အဖွဲ့များက ပြောဆိုခဲ့သော်လည်း အစိုးရခွင့်ပြုချက် မရသဖြင့် ဒီဇင်ဘာ ၃ ရက်အထိ အကူအညီပေးရေး လုပ်ငန်းများ ရွှေ့ဆိုင်းထားသည်ဟု ဆလန်ကဘား ဒွဲပီဆားက ပြောသည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ် အစိုးရ၏ ခရာတောင်ရှိ တပ်ရင်းမှ ၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သင်တန်းတက်နေသည့် ဗိုလ်လောင်း ၂၃ဦး သေဆုံးခဲ့ပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့သည်။
တစ်ဖက်တွင်လည်း နိုဝင်ဘာ ၁၆ရက်က ကချင်ပြည်နယ် မံစီမြို့နယ်၊ ပလောင်ဒိန်ဆာရွာအနီး တပ်မတော်စစ်ကြောင်း ချီတက်စဉ် ကေအိုင်အေ အဖွဲ့မှ တိုက်ခိုက်ခဲ့၍ စစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၁၇ ရက်ကလည်း မဂျီဂွမ်ကျေးရွာတွင် လည်း ကေအိုင်အေ အဖွဲ့၏ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်၍ တစ်ဦး ထပ်မံ ဒဏ်ရာရခဲ့သည်ဟု နိုဝင်ဘာ ၂၁ ရက်က တပ်မတော်က ထုတ်ပြန်ထားသည်။ ယင်းအပြင် ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းသို့ ပစ်ခတ်မှုသည်လည်း ယခင်ဖြစ်ရပ်များအပေါ် တန်ပြန်သတိပေး သည့် အနေဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုထားသည်။
နိုဝင်ဘာ ၁၉ ရက်က လိုင်ဇာအနီး ဗိုလ်သင်တန်း ကျောင်းသို့ အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရသည့် သင်တန်းသား ၂၃ ဦးတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ၁၁ ဦး၊ ရက္ခိုင့်တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး (CNF) မှ ၂ ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ၂ ဦးတို့ ပါဝင်သည်။
ယင်းအပြင် သင်တန်းသား ၂၀ဦး ဒဏ်ရာ ရရှိခဲ့ပြီး ချင်းအမျိုးသား တပ်ဦး(CNF)မှ ၃ ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော်(TNLA)မှ ၈ ဦး၊ ရက္ခိုင်တပ်မတော် (AA) မှ ၅ ဦးနှင့် ကေအိုင်အေမှ သင်တန်း နည်းပြ ၄ ဦး တို့ဖြစ်သည်။
ကျဆုံးခဲ့သည့် ဗိုလ်လောင်းများအတွက် နိုဝင်ဘာ ၂၃ရက်က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာနရှေ့တွင် တိုင်းရင်းသားများ၊ ငြိမ်းချမ်းရေးလိုလားသူများက ပန်းစည်းချ ဆုတောင်းခြင်း ပြုလုပ်ခဲ့သည်။
ပြည်မြို့တွင်လည်း ရှေ့နေတစ်ဦးက ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ပြန် လည်တောင်းပန်ရန် တောင်းဆိုကာ တစ်ကိုယ်တော် ဆုတောင်းမှု ပြုလုပ်ခဲ့သည်။