RCSS/SSA သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော်တွင် အရပ်သားများကိုတပ်သားသစ် အဖြစ်စုဆောင်းခြင်း မရှိဟု ဗိုလ်မှူးချုပ် စိုင်းပေါင်ခေး က မဇ္စျိမကို ပြောသည်။
ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် ဆီဆိုင်မြို့နယ်အတွင်း နိုဝင်ဘာလဆန်းပိုင်းက အရပ်သားအချို့ကို RCSS/SSA က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟူသော သတင်းထွက်ရှိနေမှုအပေါ် ငြင်းဆိုခြင်းဖြစ်သည်။
"ကျွန်တော်တို့ တပ်သားသစ် စုဆောင်းတာ လုံးဝမရှိပါဘူး၊ တပ်သားသစ်လည်း မလိုပါဘူး၊ ခေါ်ဆောင်သွားတယ် ဆိုတဲ့နေရာမှာ ဘိန်းဆွဲသူတွေ၊ မူးယစ်ဆေးသုံးသူတွေကို ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ဆေးဖြတ်ပေးခြင်းဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် စိုင်းပေါင်ခေး က ပြောသည်။
ဆီဆိုင်မြို့နယ်နေ အမည်မဖော်လိုသူ ဒေသခံအချို့ကမူ နိုဝင်ဘာလဆန်းပိုင်းအတွင်း နံနက်လင်းအားကြီး အချိန်တွင် RCSS/SSA ဝတ်စုံ ဝတ်ဆင်ထားသူတို့ ဝင်ရောက်လာ၍ လူငယ်အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သတ်၍ ဖမ်းဆီးမည်ဖြစ်ကြောင်း အတိအလင်း ကြေညာပြီးဖြစ်၍ သုံးစွဲသူ ရောင်းဝယ်သူများကို ဖမ်းဆီးခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ၎င်းက မူးယစ်ဆေးဆွဲသူများကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးရန် ထိန်းသိမ်းခြင်းဖြစ်ပြီး ဆေးဖြတ်ပြီးပါက နေရပ်သို့ ပန်ခွင့်ပေးသည်ဟု ၎င်းကဆိုသည်။
ဗိုလ်မှူးချုုပ်၏ ပြောဆိုချက်အရ RCSS/SSA ဘိန်းဖြတ်စခန်းတွင် ၂၀မှ ၃၀ ကျော်ကြား ဘိန်းစွဲနေသူများ ရာဂဏန်းမျှ ကုသပေးနေသည်ဟု သိရသည်။
RCSS/SSA သည် အစိုးရနှင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ဖြစ်သည်။