ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူမှုအဖွဲ့အစည်းများ ပါဝင်ရန် တောင်းဆိုလိုက်

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူမှုအဖွဲ့အစည်းများ ပါဝင်ရန် တောင်းဆိုလိုက်
by -
မဇ္စျိမ

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မတိုးနိုင်ဘဲ စိုးရိမ်ဖွယ် အနေအထား ဖြစ်နေချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ လူထုအကျိုးပြု အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍတစ်ခုက ပါဝင်နိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် ထိုင်းနယ်စပ် အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းများ ထိုင်းနိုင်ငံ၌ နှစ်ရက်တာ ဆွေးနွေးခဲ့သည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက မဇ္စျိမကို ပြောသည်။

“စကားပြောတာ ဆက်ရှေ့မသွားဘူးဆိုလို့ရှိရင် လူထုတွေ ပိုပြီး စိုရိမ်နေတယ်။ စစ်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တယ်။ ဒီအချိန်မှာ လူထု အကျိုးပြုအဖွဲ့တွေ အနေနဲ့ ကိုယ်နိုင်သလောက်နဲ့ ကူညီတဲ့ အနေအထားမှာ အများကြီး ဆုတ်ယုတ်မှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို ရှေ့ဆက် တိုးစေချင်တယ်။ ဒီလိုရှေ့ဆက်တိုးဖို့ ကျွန်မတို့အနေနဲ့ ဘယ်လို ဝန်းရံပေးရမလဲ။ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လို့ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိချင်တာရယ်။ ကျွန်မတို့ဘက်ကနေ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တခုဖြစ်ဖို့ ခေါင်းဆောင်တွေ အနေနဲ့ စဉ်းစားပေးရမယ့် ဆွေးနွေးသွားရမယ့် အနေအထားလိုအပ်တယ်” ဟု သူက ပြောသည်။

Native-Peace-Discussion

ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲY(NCCT)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (မြောက်ပိုင်း တပ်မတော်) SSPP တို့မှ ကိုယ်စားလှယ်များနှင့် ထိုင်းနယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်း ၂၅ ခုတို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးမှုတွင် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ လုပ်ပိုင်ခွင့် ကန့်သတ်ချက်နှင့် စိန်ခေါ်မှုများ ရှိနေခြင်း၊ အစိုးရ ငြိမ်းချမ်းရေး ကော်မတီနှင့် တပ်မတော်တို့ကြား သဘောထားကွဲလွဲမှုရှိနေခြင်း၊ တပ်မတော်၏ သဘော ထား တင်းမာမှုကြောင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မူကြမ်း (Single Text) ဆွေးနွေးမှု ရှေ့မတိုးနိုင်ဘဲ တန့်နေသည့် အခက်အခဲများကို ဆွေးနွေး ခဲ့သည်ဟု နိုဝင်ဘာ ၂၄ ရက်က အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ပါရှိသည်။

"အမှန်က ကနေ့ နိုင်ငံရေး ပြဿနာဖြေရှင်းမှု ပုံစံက အရင်လို မဟုတ်တော့ဘူး။ အရင်က ကျွန်တော်တို့ နဝတ အစိုးရနဲ့ သဘောတူညီမှု လုပ်ခဲ့တုန်းကတော့ ဒီသဘောတူညီမှုကို လျို့ဝှက်ထားလိုက်တယ်။ ပွင့်ပွင့်လင်းလင်း မဟုတ်ဘူး။ အဲဒီလိုလုပ်ရင် ကျွန်တော်တို့ပဲ နာပါတယ်။ ဒါကြောင့် ကနေ့ ဒါကနိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့နေရာမှာ လူထုတွေ အများပါဝင်ဖို့ အရေးကြီးတယ်။ သူတို့ ကိုယ်တိုင်ပါဝင် အားပေးဖို့လိုတယ်" ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ငံဟာက မဇ္စျိမကို ပြောသည်။

၎င်းက ဆက်လက်ပြီး တပ်မတော်အနေဖြင့် ၎င်းတို့၏ မူလရပ်တည်ချက်ကို မပြောင်းလဲဘဲ သဘောထား ဆက်လက်တင်းမာနေပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းသွားပါက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ချေရှိ၍ နိုင်ငံရေးနည်းဖြင့် ဆက်လက်ဆွေးနွေးသွားရန် လိုအပ်သည်ဟုဆိုသည်။ ယင်းအပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လူထုအကျိုးပြု အဖွဲ့အစည်းများမှ တစ်ဆင့် လူထုကိုလည်း ဆက်လက် တွန်းအားပေးရန် နိုင်ဟံသာက တောင်းဆိုလိုက်သည်။

နှစ်ရက်တာ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်တင်ပြခြင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ လူထုအခြေပြု အဖွဲ့များ၏ အခန်းကဏ္ဍအပါအဝင် လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါး ပြဿနာ၊ ရင်းနှီးမြှပ်နှံမှု နှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ၏ အကျိုးဆက်များ၊ စစ်ပြေးဒုက္ခသည်များအရေးနှင့် ရွှေ့ပြောင်းဒုက္ခသည် (IDPs)များ အရေး၊ နိုင်ငံတွင်း နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆွေးနွေးခဲ့ကြသည်။

“ခုလို တွေဆုံတာပဲ မဟုတ်ဘဲ၊ လူထုအဖွဲ့အစည်းတွေနဲ့ အကြံပေးမှုတွေကို စနစ်တကျလေ့လာပြီးတော့ အကောင်အထည် ဖော်သင့် တယ်လို့ ထင်တယ်။ ပိုပြီးအရေးကြီးတာက ဆွေးနွေးပွဲဖြစ်စဉ်တွေကို လူထုအခြေပြု အဖွဲ့အစည်းတွေကို သာမကာပဲ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မြန်မာပြည်သားတွေ သိရှိနိုင်အောင် သတင်းမီဒီယာတွေကနေ သူတို့ ရှင်းပြသင့်တယ်လို့ အကြံပြုပါတယ်” ဟု ထိုင်းနယ်စပ်ရှိ ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အမူဆောင်ဒါရိုက်တာ ကိုထူးချစ်က မဇ္စျိမကို ပြောသည်။

ထိုဆွေးနွေးပွဲသို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး၊ ဒုက္ခသည် ကော်မတီ၊ သဘောဝပတ်ဝန်းကျင်၊ အမျိုးသမီးရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP၊ ကချင် အမျိုးသမီး အစည်းအရုံး (KWAT)၊ ကရင် အမျိုးသမီးအစည်းအရုံး၊ ကရင်နီ ဒုက္ခသည်များ ကော်မတီ၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် သတင်းမီဒီယာ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့မှ  ကိုယ်စားလှယ် ၄၂ ဦး တက်ရောက် ဆွေးနွေးခဲ့သည်။