၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် (၁ဝ) တန်းအောင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှ အောင်ချက်အကောင်းဆုံးကို မွန်ပြည်နယ်က ပထမရရှိခဲ့သည်။
လွန်ခဲ့သည့်နှစ်က မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက်ကို မွန်ပြည်နယ်က ဒုတိယအဆင့် ရရှိခဲ့သည်။ ပထမအဆင့်ကို တနသာင်္ရီတိုင်းက ရရှိပြီး၊ ၂ဝဝ၇ ခုနှစ်ကလည်း တနိုင်ငံလုံးမှ မွန်ပြည်နယ်က ပထမရရှိခဲ့သည်။
“အခုလောလောဆယ်မှာတော့ ခိုင်နှုန်းဘယ်လောက်နဲ့ မွန်ပြည်နယ်က အောင်ချက် အမြင့်ဆုံးရရှိသွားတာကိုတော့ မသိသေးဘူး၊ ဘယ်တိုင်း၊ ဘယ်ပြည်နယ်က ဒုတိယ၊ တတိယရတာကိုလည်း မသိသေးဘူး၊ ဒါပေမယ့် ဒီနှစ်မှာ မနှစ်ကလောက် အောင် ချက်မကောင်းဘူး” ဟု အထက်တန်းကျောင်းအုပ်ဆရာ တစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်းတွင်လည်း အောင်ချက်အကောင်းဆုံးမြို့နယ်အဖြစ် မုဒုံမြို့နယ်က ရရှိပြီး၊ ၄င်းမြို့နယ်အတွင်းမှ အောင်ချက်အကောင်းဆုံးကျောင်းကို တံခွန်တိုင်အ ထက်တန်းကျောင်းက ပထမရရှိသည်ဟု ၄င်းကျောင်းအုပ်က ဆက်ပြောပြသည်။
“စာမေးပွဲအောင်လို့ အရမ်းပျော်တယ်၊ ဒါပေမယ့် ဂုဏ်ထူးတော့မပါဘူး၊ မှန်းထားတာက ဂုဏ်ထူး နှစ်ခုနဲ့ပေါ့” ဟု ရန်ကုန်မှ (၁ဝ) တန်းအောင်သွားသည့် ကျောင်းသားတစ်ဦးက ပြောသည်။
မော်လမြိုင် အထက (၈) မှ (၈၅) ရာခိုင်နှုန်း၊ ရန်ကုန် ဒဂုံ အ ထ က (၁) ကျောင်းမှ အောင်ချက် (၈၄) ရာခိုင်နှုန်း၊ မော်လမြိုင် အထက (၉) မှ (၇၉) ရာခိုင်နှုန်းဖြင့် ဂုဏ်ထူးထွက်ကျောင်းသားများလည်း များပြားကြောင်း ဇွန်လ (၈) ရက်နေ့က ခေတ်ပြိုင်သတင်းဌာနမှာ ဖော်ပြထားပါသည်။
“ကျမသားကတော့ မအောင်ဘူး၊ သူ့အတွက် မနှစ်က သိန်း (၂ဝ) ကုန်သွားတယ်၊ ဒီနှစ်မှာ သူ့ကို ကျောင်းဆက်ထားဖို့ မနိုင်တော့ဘူး၊ စီးပွားရေးလည်း မကောင်းဘူး” ဟု မုဒုံမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် မွန်ပြည်နယ်အတွင်းရှိ ကျောင်းအများစုက ကျောင်း သားအရေအတွက် (၁ဝ) ရာခိုင်နှုန်းကျော် လျော့ကျသွားသည်ဟု မော်လမြိုင်မြို့မှ ကျောင်းအုပ်တစ်ဦးက ပြောသည်။