ကျဆုံး ဗိုလ်လောင်းများအတွက် MPC ရှေ့တွင် လွမ်းသူ့ပန်းခွေချ

ကျဆုံး ဗိုလ်လောင်းများအတွက် MPC ရှေ့တွင် လွမ်းသူ့ပန်းခွေချ
by -
ခိုနူမ်းသုန်

မြန်မာစစ်တပ်မှ နို၀င်ဘာ ၁၉ ရက်နေ့က အလစ်တိုက်ခိုက်မှုကြောင့် KIO ဗိုလ်လောင်းသင်တန်း ကျောင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ဗိုလ်လောင်း သင်တန်းသား ၂၃ ဦး ကျဆုံးခဲ့မှုနှင့် ပါတ်သက်ပြီး  ချင်း၊ ကချင်၊ တအာင်း၊ ရခိုင်၊ ဗမာ စသည့် တိုင်းရင်းသား လူငယ်ထုက Myanmar Peace Center ( MPC) ရှေ့တွင် ငြိမ်းချမ်းစွာ လွမ်းသူ့ပန်းခွေများချခဲ့ကြပြီး ဆုတောင်းခဲ့့ကြသည်။

နို၀င်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ စပြီး တိုင်းရင်းသား လူငယ်ထုသည် လွမ်းသူပန်းခွေများကို ကိုင်ပြီး ရန်ကုန်မြို့ ပြည်လမ်း၊ ပဒုမ္မာ ဥယာဉ်မှ ဦးဝိစာရ လမ်းအတိုင်း MPC အထိ ချီတက်ပြီး ပန်းခွေများကို MPC ဗဟိုလုပ်ငန်းဌာန ရှေ့တွင် ချထားခဲ့ကြခြင်း ဖြစ်သည်။

DSC05515

“ညီအကို တိုင်းရင်းသားလူငယ်တွေ ယခုလို ကျဆုံးကြတာ ဗမာ တယောက်အနေနဲ့ ၀မ်းနည်းတယ်၊ ဒီမိုကရေစီ ခေတ်မှာ ယခုလို လက်နက်ကြီးတွေ သုံးပြီး သွေး ထွက် သေဆုံးတာတွေကို ၀မ်းနည်းလို့ ဒီအမဲရောင် လှုပ်ရှား မှုမှာ ပါ၀င်တာပါ” ဟု ဗမာ လူငယ် ကိုထိန်လင်းအောင်က ပြောသည်။

မြန်မာ့တပ်မတော်၏ နို၀င်ဘာ ၁၉ ရက်နေ့ တိုက်ခိုက်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်း သင်တန်းသား ရခိုင့်တပ်မတော်မှ ဗိုလ်လောင်းသင်တန်းသား ၈ ဦး၊ TNLA ဗိုလ်လောင်းသင်တန်းသား ၁၁ ဦး၊ CNF/A ဗိုလ်လောင်း သင်တန်းသား ၂ ဦးနှင့် ABSDF တပ်မတော်မှ ၂ ဦး ကျဆုံးခဲ့ရသည်ဟု သိရ သည်။

“ဒီဖြစ်ရပ်ဆိုးက Peace Process အတွက် Backward ပဲ၊ အဲဒီပြသနာမှာ MPC အနေနဲ့ Accountability ရှိတယ်၊ ဒါကြောင့် ဒီ အစီအစဉ်ကို လုပ်ရတာဖြစ်တယ် ” ဟု Chin Youth Network မှ မိုင်သင်းယုမွန်က ပြောသည်။

ဆက်လက်ပြီး ကရင်လူငယ် ဖြစ်သူ ဘိုဘိုကလည်း “ဒီ KIO ဗိုလ်လောင်းသင်တန်းကျောင်းတိုက်ခိုက်မှုနှင့် ပါတ် သက်ပြီး ကျဆုံးသူတွေအတွက် ၀မ်းနည်းတဲ့ အထိမ်း အမှတ်နဲ့ အမဲရောင် နဲ့ လွမ်းသူပန်းခွေပေါ့၊ ဒီကိစ္စမှာ ငြိမ်းချမ်း ရေးဖြစ်စဉ်အတွက် တာဝန်ရှိတဲ့ MPC ကို သိစေချင်တယ်၊ လူ့အသက်ကို ပရွက်ဆိတ်လို လွယ်လွယ် နဲ့ ဖဲ့ချွေလို့မ ရဘူးဗျာ” ဟု ပြောသည်။

ရခိုင်ပြည်သူအနေနဲ့ပါ၀င်တဲ့ မစိန်ထွေးက “ကျမတို့ ငြိမး်ချမး်ရေးပဲလိုချင်တယ်၊ သူတို့က ငြိမ်းချမ်းရေး စကားလုံးကို ရှေ့ကနေ လှလှသုံး၊ နောက်ကွယ်ကနေ တမျိုးလုပ် တာမျိုးက လက်ခံနိုင်စရာမရှိဘူး၊ တုတ်တုတ်ချင်း၊ လှံလှံချင်း ဆိုယင် တမျိုးပေါ့၊ ခုဟာက အလစ်ချောင်းနောက်ကနေ တိုက်ခိုက်တာမျိုးက တကယ့် ရွံစရာပါ၊ ကျမတို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာပါ”  ဟု ပြောသည်။

NCCT နဲ့ UPWC အကြား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၂၂) ရက်နေ့မှ (၂၆) ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ MPC  တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် တပ်ဆိုင်ရာ များနှင့် ပါတ်သက်၍ သဘောထား ကွဲလွဲနေသည့်အပြင် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဆွေးနွေးပွဲကို  ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း ပြန်လည် ကျင်းပရန် ရှိသော် လည်း ယနေ့အထိ မကျင်းပနိုင်သေးချေ။

Most read this week