လက်နက်ကြီး ကျရောက်မှုအပေါ် UPWC အမြန်ဆုံး ညှိနှိုင်းပေးရန် ကေအင်န်ယူ တောင်းဆို

လက်နက်ကြီး ကျရောက်မှုအပေါ် UPWC အမြန်ဆုံး ညှိနှိုင်းပေးရန် ကေအင်န်ယူ တောင်းဆို
by -
မဇ္စျိမ

ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ်သို့ လက်နက်ကြီး ကျည်ကျရောက်မှု အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော််မတီ (UPWC) အနေဖြင့် လိုအပ်သလို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန် ကရင်အမျိုးသား အစည်းအရုံး (KNU) က နိုဝင်ဘာ၂၁ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။

ယခု တိုက်ခိုက်မှုသည် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် မဖြစ်ပွားသင့်ဟု KNU က သုံးသပ်လိုက်ပြီး “ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှု အစီအစဉ်အား ထိခိုက်မည်ကို စိုးရိမ်မိပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လိုင်ဇာမြို့တွင် လုံခြံုရေးယူထားသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အား ဩဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

မြန်မာတပ်မတော်က နိုဝင်ဘာ ၁၉ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KIA ဗိုလ်သင်တန်းကျောင်းရှိ စစ်သင်တန်းသား ၂၃ ဦးသေဆုံးကာ အယောက် ၂၀ ဒဏ်ရာရရှိခဲ့မှုအပေါ် KNU က သဘောထား ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ကေအင်န်ယူ၏ တောင်းဆိုမှုအပေါ် MPCမှ အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက “ ဒီကိစ္စတွေကို နိုင်ငံ ရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်း ဆွေးနွေးသွားမှာပါ။ ဒီလိုဖြစ်ရပ်တွေ မတော်တဆမှုတွေကို နိုင်ငံရေး ဆွေးနွေးပွဲမှာ  အဖြေရှာ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောတူညီချက်ရပြီးရင် ဒီကိစ္စတွေက လျော့ပါးသွားမှာပါ။ အခု မဆွေးနွေးမညှိနှိုင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ အဲ့တာကို ကျွန်တော်လည်း ပြောလို့မရပါဘူး။ လူကြီးတွေ စဉ်းစားဆောင်ရွက် ဆုံးဖြတ်ရမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

KIOသည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်ဆဲရေးသဘောတူညီချက်ရရှိရန် ဆွေးနွေးမှုပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)၏ အဖွဲ့ဝင်ဖြစ်သည်။

ကေအင်န်ယူ၏ သဘောထား ကြေညာချက်တွင် KIO နယ်မြေအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်စဲကာ နှစ်ဘက်စစ်တပ်က ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းဖြေရှင်းရန်လည်း တိုက်တွန်းထားသည်။

ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးကျည်ကျရောက်မှုသည် “တန်ပြန်သတိပေးပစ်ခတ်မှု” ဟု အစိုးရတပ်မတော်က နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယင်းထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိပဲ ရည်ရွယ်ချက်ရှိရှိ  ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည်ဟု မဇ္စျိမ၏ အင်တာဗျူးတစ်ခုတွင် ကေအိုင်အေဘက်က တုံပြန်ပြောဆိုထားသည်။

လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးခဲ့သည့် KIO စစ်သင်တန်းသား ၂၃ ဦးမှာ- ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ၁၁ ဦး ၊ ရက္ခိုင့်တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး (CNF) မှ ၂ ဦး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ၂ ဦးတို့ ဖြစ်သည်။

ချင်းအမျိုးသား တပ်ဦး(CNF)မှ ၃ ဦး၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ၈ ဦး၊ ရက္ခိုင့်တပ်မတော် (AA) မှ ၅ ဦးနှင့် ကေအိုင်အေမှ သင်တန်းနည်းပြ ၄ ဦး စုစုပေါင်း ဦးရေ ၂၀ တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အစိုးရ စစ်တပ်က ကချင်လွတ်မြောက်ရေး တပ်မတော်၏ ဗိုလ်သင်တန်းကျောင်းအား ပစ်ခတ်မှုနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအားလာမည့် ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှသာ ပြင်ဆင်မည်ဟု ပြောဆိုမှု  တိုက်ဆိုင်နေသဖြင့် စစ်ရေး နိုင်ငံရေး ပူးပေါင်းကြံစည်မှုဟု ယူဆကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က နိုဝင်ဘာလ ၂၀ ရက်တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။