ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပြင်ဆင်ချက် အရ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုပြီး ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင် မလျှောက်ထားပါက ပျက်ပြယ်သွားမည် ဖြစ်သည်ဟု ပါဝင်သည်။
နိုဝင်ဘာ ၂၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ပြင်ဆင် ချက်သည် ဒုတိယအကြိမ်ဖြစ်ပြီး ယင်းပြင်ဆင်ချက်သည် အပြီးသတ်ပြင်ဆင်လိုက်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချို က မဇိ်္စျမကိုပြောသည်။
ကော်မရှင်က ဒုတိယအကြိမ် ပြင်ဆင်လိုက်သည့် စကားရပ်များတွင် နည်းဥပဒေ (၇)၌ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီ တည်ထောင်ထားသည့် ပါတီမှတ်ပုံတင်ပေးရန်ဆိုသည့် စကားရပ်နေရာတွင်“သတ် မှတ်ရက်အတွင်း လျှောက်ထားခြင်းမရှိပါက နည်းဥပဒေ ၅(က) ပါ ခွင့်ပြုချက်သည် အလိုအလျောက် ပျက် ပြယ်ပြီး ဖြစ်သည်” ဟူသည့် စကားရပ်ဖြင့် ဖြည့်စွက်ပြင်ဆင်လိုက်သည်။
ဦးလှမောင်ချိုက “အရင်တုန်းကပါတီ မှတ်ပုံတင်ပေးရန် ဆိုတာပဲပါတယ်။ အခု ဖြည့်စွက်ချက်အရ ရက်ပေါင်း ၃၀ ကျော်သွားရင် ပါတီတည်ထောင်ခွင့်ပြုတာ ပျက်ပြယ်သွားတယ်ဆိုလိုတာပါ” ဟုပြောသည်။
ယင်းသို့ ပြင်ဆင်လိုက်ခြင်းနှင့်ပတ်သက်ပြီး ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက “ကော်မရှင်က နိုင်ငံရေးပါတီ အသေးအမွှားတွေများလာလို့ ထိန်းချုပ်ချင်တဲ့အပိုင်းလည်း ပါမယ်ထင်တယ်။ ပါတီတစ်ခုက ပြန်လည်ပေါင်းစည်းဖို့လိုအပ်သလို စုစည်းပြင်ဆင်ဖို့အတွက် မှတ်ပုံတင်ဖို့ ကြန့်ကြာနေတာ လည်းရှိတယ်။ ရက်ကို အကန့်အသတ်နဲ့ သတ်မှတ်လိုက်တာ ပါတီသစ်တွေအတွက် အခက်အခဲရှိနိုင်တယ်” ဟု ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၁၀ စက်တင်ဘာ ၃၀ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီး နည်းဥပဒေများကို ၂၀၁၀ မတ် ၁၇ ရက်တွင် စတင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။