ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသားအရေးကိစ္စများ ဖြေရှင်းခြင်း၊ ညှိနှိုင်းခြင်းဆောင်ရွက်ရာတွင် တပ်မတော်၏ ရပ်တည်မှု အပြောင်းအလဲ လုပ်သင့်ပြီဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက သုံးသပ်လိုက်သည်။
ဖွဲ့စည်းပုံပြင်ရာတွင် အဓိကကျသည့် ပြင်ဆင်ရေးနည်းလမ်းပါ ပုဒ်မ ၄၃၆ ကို ပြင်ရန် တပ်မတော်က ကန့်ကွက်နေခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးနေ ချိန်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်သင်တန်းကျောင်းသို့ တိုက်ခဲ့ခြင်း စသည့် အပြုအမူတို့ အပေါ် ဝေဖန်လိုက်ခြင်းဖြစ်သည်။
“စစ်တပ်က နိုင်ငံရေးမှာ အလွန်အကျွံလွှမ်းမိုးမှုကို လျှော့ချနေတယ် ဒီမိုကရေစီပြုုပြင်ပြောင်းလဲရေးကို လိုလားတယ်ဆိုတာ ပြသင့်နေပါပြီ ဒီကိစ္စတွေမှာ နှစ်ဖက်ညှိနှိုင်းဖြေရှင်းတဲ့ အခြေအနေကိုရောက်အောင် ကြိုးစားသင့်နေပါပြီ”ဟု နိုဝင်ဘာ ၂၁ရက် မြန်မာဂျာနယ်လစ်ရုံးခန်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးကိုကိုကြီးက ပြောသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈၊ ငြိမ်းပွင့်တို့ ပူးပေါင်းဆောင်ရွက်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုံဆော်မှုများအတွင်း ပြည်သူ ငါးသန်းကျော် လက်မှတ်ရေးထိုး ဆန္ဒပြုထားခြင်းကို လစ်လျူမရှုသင့်ဟုလည်း ၎င်းက သတိပေးသည်။
လက်ရှိတွင် တပ်မတော်သည် ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့နှင့် ဆက်ဆံမှုများတွင် တင်းမားမှုများ လျှော့ချရန် ကြိုစားသင့်နေပြီဟုလည်း ဦးကိုကို ကြီးက သုံးသပ်သည်။
“ ရေရှည်မှာ တင်းမားမှုတွေလျော့ချရမယ့်အစား မီးထိုးသလိုမျိုး ဆုံးဖြတ်ချက်တွေ ဆောင်ရွက်ချက်တွေ သတိ ထားပြီး ရှောင်သင့်တယ်လို့ ထင်ပါတယ် ”ဟု ၎င်းကပြောသည်။
မျက်မှောက်အခြေအနေတွင် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးနေပြီး ယင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီတို့ ပြင်ဆင်လိုသည်နှင့် တပ်မတော်၏ သဘောထားကွဲပြားမှုများစွာရှိနေချိန်ဖြစ်ပြီး အဖြေမပေါ်သေးပေ။
တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်ချုပ်ရန် ဆွေးနွေးရာတွင်လည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စများ သဘောမတူနိုင်သေး၍ အပြီးမသတ်နိုင်ဘဲ ရှိနေချိန်ဖြစ်သည်။